ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်သည့်အတွက် အမ်းဒေသခံများစိုးရိမ်နေဆဲ

ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်သည့်အတွက် အမ်းဒေသခံများစိုးရိမ်နေဆဲ
by -
မဇ္စျိမ

ရခိုင်ပြည်နယ် အမ်းမြို့ရှိ သပြုချိုင် အုပ်စု၊ ကျောက်မြောင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံသို့ပို့လွှတ်မည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အစမ်းပို့လွှတ်ရာတွင် ပထမဆုံးအကြိမ်အဖြစ် ဓာတ်ငွေ့ယိုစိမ့်ကာမီးလောင်ကျွမ်းခဲ့သည့်အတွက် လက်တွေ့သဘာဝဓာတ်ငွေ့ ပို့လွှတ်လျှင် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်နေကြောင်း ဒေသခံများကပြောသည်။

စက်တင်ဘာလ ၁၃ ရက် ညနေ ၆ နာရီခန့်က ပိုက်လိုင်းနှစ်ခုဆက် ကြောင်းနေရာမှ ယိုစိမ့်မှုဖြစ်ခဲ့ပြီး မီးထတောက်ခဲ့ ကာ အနီးမှဒေသခံများ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်ဟု ကျောက်မြောင်ရွာက ကိုလှစိုးမော်က မဇ္ဈိမကိုပြောသည်။

“ဒေသခံတွေကတော့ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်ဗျ။ လာကြည့်တဲ့သူတွေလည်း အများကြီး။ ကလေးတွေကလည်း ငိုပေါ့ဗျာ။ ဓာတ်ငွေ့အတည်လွှတ်မယ်ဆို စိုးရိမ်တာပေါ့။ ပိုက်လုံးကွဲရင် ဒုက္ခဖြစ်မှာကိုး။ ဒီကလူတွေက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြဘူးလေ” ဟု ပြောသည်။

ယခုကဲ့သို့ သဘာဝဓာတ်ငွေ့ယိုစိမ့်မှုသည် ပထမအကြိမ်ဖြစ်သော်လည်း ယခင်ရေဖြင့် စမ်းသပ်လွှတ်ခဲ့စဉ် တွင်နှစ်ကြိမ် တိုင် ပိုက်ပေါက်ကာ ယိုစိမ့်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။ ယခုယိုစိမ့်မှုဖြစ်သည့် နေရာသည်ကျောက် မြောင်ရွာနှင့် မိုင်ဝက်ခန့်ဝေးသည်ဟု သိရသည်။

ထိုသို့ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် တရုတ်ကုမ္ပဏီမှ လာရောက်ကြည့်ရှုမှုများရှိပြီး လက်ရှိတွင် အခြေအနေတည်ငြိမ်နေသော်လည်း ဒေသခံများကတော့ စိုးရိမ်နေဆဲဖြစ်သည်ဟု ကိုလှစိုး မော်ကပြောသည်။

မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ ကိုထွန်းထွန်းနိုင်က “လောလောဆယ်က ဂက်စ်လွှတ်နေတာ သတ်မှတ်ထားတဲ့ဖိအား (CNPC) မရသေးဘူး။  တကယ်လို့ လုံးဝစမ်းသပ်ပြီး တကယ်တမ်းပို့လွှတ်တဲ့အခါ ဒီလိုဖြစ် ရင်တော့ စိုးရိမ်ရတာပေါ့” ဟု မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းအထိပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ကျောက်ဖြူမှ မန္တလေးအထိ စမ်းသပ်ပို့လွှတ်မှုကို ဇူလိုင် လ ၂၉ ရက်မှ  စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသဘာဝ ဓတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုကို ကျောက်ဖြူမှတစ်ဆင့် အမ်း၊ မကွေး၊ ကျောက်တံတား၊ ကျောက်ဆည်၊ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ ကျေးသီးစသော မြို့နယ်ပေါင်း ၂၁ မြို့နယ်ကိုဖြတ်ကာ တရုတ် နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည်။

ရွှေဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် တရုတ်အမျိုးသားရေနံကော်ပိုရေရှင်း (CNPC) နှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရောင်းဝယ်ရေး (MOGE)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး နှစ် ၃၀ စီမံကိန်းအတွက် မြန်မာအစိုးရက အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံရရှိထားသည်။

မြန်မာအစိုးရနှင့် CNPC တို့သည် ပိုက်လိုင်းသွယ်တန်းရေး စာချုပ်ချုပ်ဆိုစဉ်က ဘေးအန္တရာယ် တစ်စုံတရာကြောင့် ပိုက်လိုင်းပေါက်ကွဲပြီး ဒေသခံများကိုထိခိုက်လျှင် မည်သို့ဆောင်ရွက်မည်နှင့် ထိုကိစ္စအတွက် ကြိုတင်မည်သို့ပြင်ဆင် ထားသည်ကို ထည့်သွင်းချုပ်ဆိုခဲ့ခြင်းရှိမရှိ ပွင့်လင်းစွာ ချမပြခဲ့ပေ။

Most read this week