စာသင်ကျောင်းကို မိုးကြိုးပစ်သဖြင့် ကျောင်းသူသုံးဦးသေပြီး အများအပြားဒဏ်ရာရ

စာသင်ကျောင်းကို မိုးကြိုးပစ်သဖြင့် ကျောင်းသူသုံးဦးသေပြီး အများအပြားဒဏ်ရာရ
by -
မဇ္စျိမ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ နားမော်ရွာတွင် စက်တင်ဘာ ၁၄ ရက်က ထစ်ချုန်းမိုးများ ရွာသွန်းပြီး အလယ်တန်းကျောင်းကို မွန်းလွဲ ၃ နာရီကျော်၌ မိုးကြိုးပစ်ရာ ကျောင်းအတွင်းစာသင်နေသည့် ကျောင်းသူ သုံးဦးသေဆုံးခဲ့ရပြီး ကျန်ကျောင်းသားအများအပြားလည်း ဒဏ်ရာရခဲ့ကြသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

နယ်မြေရဲစခန်း၏ မှတ်တမ်းများအရ သေဆုံးသွားသည့် ကျောင်းသူများမှာ အသက် ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသူ မသက်သက်ဝေ၊ အသက် ၁၂ နှစ်အရွယ် ခြောက်တန်းကျောင်းသူ မအိအိစံနှင့် အသက် ၁၀ နှစ်အရွယ် ငါးတန်း ကျောင်းသူ မမီးမီးလှိုင်တို့ ဖြစ်ကြသည်။

မိုးကြိုးပစ်ခံရသဖြင့် ဒဏ်ရာများရရှိသွားခဲ့ကြသည့် ကျောင်းသားများမှာမူ ၁၀ ဦးပင်ရှိကြောင်း ထိုနယ်မြေရဲစခန်း၏ မှတ်တမ်းတွင် ဆက်လက်ဖော်ပြထားသည်။ ၎င်းတို့၏ ဒဏ်ရာများသည် စိုးရိမ်ဖွယ်မရှိတော့သော်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကိုမူ အချိန်ယူ၍ ကုသကြရမည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

မိုးကြိုးပစ်ခံရသည့် ကျောင်းသူလေးများနှင့် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊သူများကို ရွာခံလူမှုရေး အသင်းဝင် များက မိုးရွာနေသည့်ကြားမှပင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ သို့သော် ကျောင်းသူသုံးဦးမှာမူ ကုသချိန် မရလိုက်ပဲ သေဆုံးခဲ့ရခြင်းဖြစ်သည်။

မိုးကြိုးပစ်မှုကြောင့် ဒဏ်ရာရသွားသည့် ကျောင်းသား ၁၀ ဦးတွင် ယောကျ်ားလေးတစ်ဦးသာပါ၀င်ပြီး ကျန်ကိုးဦးမှာ မိန်းကလေးငယ်များ ဖြစ်ကြသည်။

ထိုသဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်ကို ဟုမ္မလင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၃ဖြင့် အမှုဖွင့် ထားပြီး ဒု-ရဲ မှူးသိန်းဦးက ဆက်လက်စုံစမ်းစစ်ဆေးမည် ဖြစ်သည်ဟု ရဲစခန်းက ထုတ်ပြန်ထားသည်။

ယခုအခင်းဖြစ်ပွားသည့် ဒေသသည် နှစ်စဉ်မိုးရွာသွန်းမှုများပြားပြီး ထစ်ချုန်းမိုးများလည်း မကြာခဏ ရွာသွန်းတတ် သည်ဟု ဒေသခံတို့က ဆိုသည်။ ထို့ပြင်ယင်းဒေသရှိ အဆောက်အအုံအများစုသည် သွပ်ပြားမိုးကြသော် လည်း မိုးကြိုးလွှဲများ တပ်ဆင်မှုမရှိကြောင်း ဒေသခံတို့က ပြောသည်။

“သဘာဝဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပညာသင်ကြားနိုင်ဖို့ဆိုရင် စာသင်ကျောင်းတိုင်းမှာ ခေတ်မီ မိုးကြိုးလွှဲတွေကို တပ်ဆင်အသုံးပြုသင့်ပါတယ်”ဟု မုံရွာမှ ဗိသုကာပညာရှင် ဦးစိုးတင့်က အကြံပြုသည်။

အလားတူပင် နားမော်ရွာမှ အလယ်တန်းကျောင်း မိုးကြိုးပစ်ခံရသည့်နေ့က တချိန်တည်းပင် စစ်ကိုင်းတိုင်း၊ ရွှေဘို ခရိုင်၊ ကျွန်းလှမြို့နယ်၊ တင်းပုတ်ကြီးတောတိုက် တစ်နေရာတွင် အသက် ၃၇ နှစ်အရွယ် ကိုမောင်လွင် ဆိုသူ သည် မိုးကြိုးထိမှန်၍ တောထဲမှာပင်သေဆုံးခဲ့ရသည်ဟု ကျွန်းလှမြို့မ ရဲစခန်း၏ သေမှုသေခင်း မှတ်တမ်းတွင် ဖော်ပြ ထားသည်။ ထိုအမှုကို သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၃ ဖြင့် အမှုဖွင့်ထားသည်။

Most read this week