အင်းလေးကန် ရေဝေရေလဲဒေသများအတွက် ICIMOD မှ ကူညီထောက်ပ့ံ

အင်းလေးကန် ရေဝေရေလဲဒေသများအတွက် ICIMOD မှ ကူညီထောက်ပ့ံ
by -
မဇ္စျိမ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ရေဝေရေလဲဒေသများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတကာတောင်တန်းဒေသ ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် ICIMOD က ကန်ဒေါ်လာ ငါးသိန်း ထောက်ပံ့မည်ဟု ယင်းအဖွဲ့နှင့် ဆွေးနွေးခဲ့သည့် အင်းစာပေနှင့် ယဉ်ကျေးမှုအသင်း မှ စက်တင်ဘာ ၁၁ ရက်တွင် မဇ္စျိမကိုပြောသည်။

ယင်းသို့ ထောက်ပံ့ခြင်းမှာ အင်းလေး ကန်ရေဝေရေလဲဧရိယာ အတွင်းတွင်ပါသည့် လမောင်းကွေးတောင်ပို့ကြီး ကျေးရွာအုပ်စုရှိ ကျေးရွာငါးရွာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများပြုလုပ်ရန်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်း မှာလည်း အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက်ဖြစ်သည်ဟု အင်းစာပေနှင့်ယဉ် ကျေးမှုအသင်းအမှုဆောင် စီမံကိန်းမှူး ဦးသာဒိုးကပြောသည်။

ထိုသို့ဆောင်ရွက်ရန်အတွက် နိုင်ငံတကာ INGO များကို ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟုလည်း ဦးသာဒိုးက ပြောသည်။

၎င်းက “သူတို့  ICIMOD အဖွဲ့အနေနဲ့ကတော့ ဒီပရောဂျက်လေးလုပ်ဖို့ စက်တင်ဘာလဆန်းကတည်းက ICIMOD တစ်ခုခေါ်ထားတယ်။ နိုင်ငံတကာ INGO အဖွဲ့တွေပဲ ဆောင်ရွက်ခွင့်ရှိပါတယ်” ဟုဆိုသည်။

ICIMOD ဦအဖွဲ့အနေဖြင့် ယင်းဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မည့် INGO အဖွဲ့ကို လျှောက်ထားသည့် တင်ဒါများထဲမှ စိစစ်ရွေးချယ် သွားမည်
ဖြစ်ပြီ း စက်တင်ဘာ ၁ ရက်က လျှောက်လွှာခေါ်ယူခဲ့သည်။ လက်ရှိအချိန်ထိ လုပ်ကိုင်ရန် တင်ဒါ လျှောက်ထား သည့် အဖွဲ့နှစ်ဖွဲ့ရှိသည်ဟုလည်း ဦးသာဒိုးကပြောသည်။

တင်ဒါအောင်မြင်သည့် အဖွဲ့အစည်းအနေဖြင့် ယင်းဒေသရှိ မြေဆီလွှာထိန်းသိမ်းခြင်း၊ သစ်တောများ ပြန်လည် မွမ်းမံစိုက်ပျိုးခြင်း၊ လူမှုဘဝမြင့်တင်ရေးတို့ကို အဓိကထား ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ဦးသာဒိုးက “လမောင်းကွေးတောင်ပို့ ကြီးတောင်ကို တောအုပ်ကြီးတစ်ခုလို ပြန်ဖြစ်လာဖို့ ကျွန်တော်တို့ အင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နဲ့နိုင်ငံတကာ တောင်တန်းဒေသ ထိန်းသိမ်းရေးအဖွဲ့ ICIMOD အဖွဲ့ယာယီ တာဝန်ခံတို့ စက်တင်ဘာ ၁၀ ရက်ကလည်း တွေ့ဆုံမှုလုပ်ခဲ့ပါတယ်။ ဒေသခံလည်း ဖြစ်နေတဲ့အတွက် ဘယ်အဖွဲ့ပဲ လုပ်လုပ် စောင့်ကြည့်မယ်။ လေ့လာမယ်၊ လိုအပ်ရင် ကူညီပေးသွားမယ်၊ မဟုတ်တာလုပ် ဆောင်ခဲ့ရင်လည်း မီဒီယာကနေတစ်ဆင့် ဖွင့်ဟပြောဆိုသွားမှာဖြစ်တယ်” ဟုဆိုသည်။

ထိန်းသိမ်းစောင့်ရှောက်မည့် အင်းလေးကန်အနောက်ဘက်ခြမ်းရှိ လမောင်းကွေးတောင်ပို့ကြီး ကျေးရွာ အုပ်စုရှိ ကျေးရွာများသည် ညောင်ရွှေမြို့နယ်အတွင်းပါရှိသည့် ကျောင်းနားတောင်ရွာ၊ ကျောင်းနားမြောက်ရွာ၊ ပန်းတင် ကျေးရွာ၊ သရက်ပင်ကျေးရွာနှင့် ကလောမြို့နယ်အတွင်းပါရှိသည့် ဇီယားကျေးရွာတို့ ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာ တောင်တန်းဒေသ ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် ICIMOD အဖွဲ့သည် နီပေါနှင့် ဘူတန်တွင် အခြေစိုက်ပြီး ဟိမဝန္တာတောင်တန်းဒေသများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အင်းလေးကန် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အင်းလေးဒေသ စိမ်းလန်းစိုပြေရေးအတွက် ယင်းဒေသတွင် အသစ် ဆောက်လုပ်နေသည့် ဟိုတယ် ၁၄ လုံးက ငွေကျပ်သိန်းကိုးရာကျော်ကို ပြီးခဲ့သည့် သြဂုတ်လ  အတွင်းက ပေးအပ်ခဲ့သည်။

ယင်းအပြင်ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း လူထုအခြေပြု တိုင်းရင်းသားအဖွဲ့နှင့် အစိုးရမဟုတ်သော ဒေသခံအဖွဲ့အစည်းရှစ်ဖွဲ့ကို ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က အင်းလေးကန်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာသုံးသိန်းခွဲ ပေးအပ်ခဲ့သေးသည်။