ပြည်နယ်အစိုးရသို့ ဘတ်ဂျက် ၅၀ ရာခိုင်နှုန်းခွဲဝေပေးရန် ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌထံတောင်းဆို

ပြည်နယ်အစိုးရသို့ ဘတ်ဂျက် ၅၀ ရာခိုင်နှုန်းခွဲဝေပေးရန် ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌထံတောင်းဆို
by -
မဇ္စျိမ

ပြည်ထောင်စု အစိုးရမှ ဘတ်ဂျက် ခွဲဝေပေးရာတွင် ခုနစ်ရာခိုင်နှုန်းသာရရှိသဖြင့် ၅၀ ရာခိုင်နူန်းအထိ တိုးမြှင့်ပေးရန် ရှမ်းပြည်နယ်အစိုးရက ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌထံတွင်တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၂ ရက်က ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တောင်ကြီးမြို့၌ တွေ့ဆုံစဉ်တွင် ရှမ်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်းက တောင်းဆိုခြင်းဖြစ်သည်။

လုပ်ပိုင်ခွင့်အာဏာများ မျှဝေပေးရန်၊ ဗဟိုဦးစီးမှုစနစ် လျှော့ချပေးရန်၊ ဖက်ဒရယ်စနစ်ကိုဖြစ်အောင် ဆောင်ရွက်ပေး ရန်တို့ကိုလည်း တောင်းဆိုသည်။

ထိုင်းတွင်ရွှေ့ပြောင်းလုပ်ကိုင်နေရသော ရှမ်းတိုင်းရင်းသားများ ပြန်လည်ရောက်ရှိလာပါကလည်း မှတ်ပုံတင် ရရှိအောင် ဆောင်ရွက်ပေးရေးကိုလည်း ဆွေးနွေးသည်။

ရှမ်းပြည်နယ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကလည်း မှတ်ပုံတင်တွင် တိုင်းရင်းသားလူမျိုးအ မည်မှန်ဖြစ်ပေါ်အောင် ဆောင်ရွက်ပေးရန်၊ ရှမ်းပြည်နယ်အတွငး်ရှိ မူးယစ်ဆေးဝါးပြဿနာများ၊ တိုင်းရင်းသားတို့ တောင်းဆိုနေသည့် ဖက်ဒရယ်မူဝါဒ၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် လေ့လာသုံးသပ်ရေးကော်မတီ၏ ဆောင်ရွက်နေမှုများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများနှင့် လယ်ယာမြေပြဿနာများ ဆွေးနွေးမေးမြန်းသည်။

သူရဦးရွှေမန်းက ပြည်သူ့အသံများ ကို ကြားသိမြင်တွေ့ ပြီးဆောင်ရွက်ပေးဖို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အခက်အခဲများကိုလည်း ညှိနှိုင်းပြီးဆောင်ရွက်ပေးဖို့ ရောက်ရှိလာကြောင်း၊ ပြည်သူက ရွေးချယ်တင်မြှောက် ထားသော အစိုးရအဖွဲ့၊ ပြည်သူ့ကိုယ်စားလှယ်များ ရှိနေသဖြင့် ပွင့်ပွင့်လင်းလင်းတင်ပြပေး စေလိုကြောင်းပြောသည်။

ဖက်ဒရယ် မူဝါဒသဘောထားနှင့်ပတ်သက်ပြီး “ဖက်ဒရယ်က အတော်လေးအသံကျယ်နေပါတယ်၊ ဖက်ဒရယ် မရဘူးဆိုရင် ငြိမ်းချမ်းရေးအတွက် ခက်ခဲမယ်၊ ဖက်ဒရယ်မရဘူးဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခက်အခဲဖြစ်စေမယ်၊ ဖက်ဒရယ်မရဘူးဆိုရင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အခက်အခဲဖြစ်မယ်ဆိုတဲ့စကားတွေ အသင့်အတင့်မှန်တဲ့အတွက် ပေးထားချက် တွေပေါ် မူတည်ပြီးတော့ ထိုက်သင့်တာတွေကို ဆောင်ရွက်မယ်၊ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုသက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ အားလုံးမှာဥပဒေအပေါ် မူတည်ပြီး တာဝန်ရှိပါ တယ်” ဟု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုသည်။

ပြည်ထောင်စုလွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နန်းငွေက “ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်နယ်အသီးသီးမှ တစ်ဦးစီတင်ပြချက်များဟာ ပြည်သူတွေ လိုအပ်ချက်များ ဖြစ်နေလို့ အမှန်တကယ်ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်” ဟု မဇ္ဈိမကို ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်ဥက်္ကဋ္ဌ ဦးသူရရွှေမန်း တောင်ကြီးတွင်တွေ့ဆုံပွဲသို့ တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့ များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဦးစီးဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ရပ်ကွက်အထောက်အကူပြု ကော်မတီဝင်များ၊ အစိုးရဌာနဆိုင်ရာများ ၊ ပြည်သူများစုစုပေါင်း ၅၀၀ ကျော်တက်ရောက်ခဲ့သည်။

Most read this week