သက်တမ်း တစ်ဝက်ကျိုးသွားပြီဖြစ်သော သမ္မတဦးသိန်းစိန်အစိုးရသည် ကျန်ရှိနေသေးသည့်လပေါင်း ၃၀ အတွင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်သွားမည်ဟု သမ္မတက စက်တင်ဘာ ၁ ရက် တွင် ပြောကြားလိုက်သည်။
“မကြာမီကာလမှာ လက်တွေ့ကျတဲ့တိုးတက်မှုတွေ အသီးအပွင့်တွေကို ကျေးလက်နေပြည်သူများ ခံစားနိုင် တော့မှာဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုစီးပွားရေးတို့အတွက် အဓိကကျသော သန့်ရှင်းသည့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်ရေး၊
အလုပ်အကိုင် ရရှိရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့ကို အလေးပေးဆောင်ရွက်သွားမည်ဟုလည်း သမ္မတကဆိုသည်။
ကျေးလက်ဖွံ့ဖြိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်ရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ပြောင်းလဲဖွဲ့စည်းပေးထားခြင်း ဖြစ်သည်ဟုလည်း သမ္မတကမိန့်ခွန်းတွင် ထည့်ပြောသည်။
ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကို သြဂုတ်လ အတွင်းက မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနအဖြစ် ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် အမည်ပြောင်း ထားသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဦးစားပေး လုပ်ရမည့် အချက်သုံးချက်ကို သြဂုတ်လ ၂၅ ရက်က ပြည်တွင်း၊ ပြည်ပလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ထုတ်ပြန်ထားသည်။
ဦးစားပေးလုပ်ငန်းသုံးခုမှာ ကျေးလက်ရှိကျေးရွာအားလုံး သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရန်၊ လျှပ်စစ်မီး ရရှိရေးအတွက် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစားအစာဖူလုံမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ဖြစ်သည်။
ယင်းအပြင် ကျေးလက်လမ်းတံတားများ တည်ဆောက်ပြုပြင် အဆင့်မြှင့်တင်ပေးခြင်း၊ အများသုံးအိမ်သာ ဆောင်ရွက်ပေးခြင်း၊ နေရပ်ပြောင်းရွှေ့နေထိုင်ရသူများအတွက် ကျေးလက်အိမ်ရာများ တည်ဆောက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် မွေးမြူရေး လုပ်ငန်းတွင် မွေးဖက်ပေးစနစ်ဖြင့် မွေးမြူနိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဟုလည်း ၀န်ကြီးဌာနက မူဝါဒချ မှတ်ထားသည်။
အဆိုပါ၀န်ကြီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြည်တွင်း၊ ပြည်ပအင်န်ဂျီ အိုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသနှင့်တောင်တန်းဒေသများရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်ကို ပထမအဆင့်အနေဖြင့် အကူညီပေး ရန်စီစဉ်ထားသည်။
သမ္မတနှင့် အစိုးရဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ သြဂုတ်လ ၉ ရက်တွေ့ဆုံမှုအတွင်း ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်ခုနစ်ခုကို ချမှတ်ခဲ့ပြီး လုပ်ငန်းစဉ်များမှာ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ ဖြစ်သည်ဟု ဖော်ပြထားပြီး လပေါင်း ၃၀ အတွင်း အပြီးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဟုလည်း ဖော်ညွှန်း ပါရှိသည်။
သြဂုတ်လ ၉ ရက်က အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သူဦးဆောင်သည့် အစိုးရသက်တမ်း လပေါင်း ၃၀ အတွင်း အစိုးရအဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များ၊ အုပ်ချုပ်မှု စွမ်းဆောင်ရည်အားနည်းမှု၊ အဂတိလိုက်စားခြင်းတို့ကို ထောက်ပြထားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် သူကိုယ်တိုင် ဦးဆောင် လုပ်ကိုင်တော့မည်ဟုလည်း သမ္မတက ပြောဆိုသွားသည်။