အစိုးရအသုံးစရိတ်နှင့် ပတ်သက်သည့် စိစစ်တွေ့ရှိချက်များကို စာရင်းစစ်ချုပ်ရုံးက လွှတ်တော်သို့ ပြည့်စုံစွာ မတင်ပြဟု ဆို

အစိုးရအသုံးစရိတ်နှင့် ပတ်သက်သည့် စိစစ်တွေ့ရှိချက်များကို စာရင်းစစ်ချုပ်ရုံးက လွှတ်တော်သို့ ပြည့်စုံစွာ မတင်ပြဟု ဆို
by -
မဇ္စျိမ

ပြည်သူ့ဘဏ္ဍာငွေကို အစိုးရဌာနများကသုံးစွဲရာ၌ ချွတ်ချော်လွဲမှားမှုများကို စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိ ခဲ့သော်လည်း ထိုတွေ့ရှိချက်များကို လွှတ်တော်သို့ ပြည့်စုံစွာမတင်ပြကြောင်းလွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ဩဂု တ် ၂၇ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲရာ၌ ဝန်ကြီးဌာန ၃၃ ခုလက်အောက်ရှိ ဌာနအဖွဲ့အစည်း ၁၁၈ ခု၏ အားနည်းမှု ကြောင့် ငွေကြေးကွာခြားချက်များကို ပြည်ထောင်စုအဆင့် စာရင်းစစ်ချုပ်ရုံးက တွေ့ရှိခဲ့သော်လည်း လွှတ်တော်သို့ အစီရင်ခံရာ၌ တွေ့ရှိချက်နှင့် အရေးယူဆောင်ရွက်ချက်များကို အသေးစိတ် မဖော်ပြခဲ့ခြင်း ကြောင်း လွှတ်တော်၏ကော်မတီက ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်ကလည်း လွှတ်တော်၏ ကော်မတီ ပြောကြားသည့်အတိုင်းပင် ယင်းအချက်များကိုလည်း အသေးစိတ်ဖော်ပြနိုင်ခြင်းမရှိဟု ဩဂုတ် ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြောကြားခဲ့သည်။

သို့သော် "နောင်မှာစာရင်းစစ်ဆေး တွေ့ရှိချက်များသာမက သက်ဆိုင်ရာဌာနများရဲ့ အရေးယူဆောင်ရွက်မှုများ ကိုလည်း နောက်ဆုံးရရှိတဲ့အချိန်ထိ ပြည်စုံစွာထည့် သွင်းဖော်ပြသွားမည်" ဟု လွှတ်တော်တွင် ယင်းက ကတိပေး ခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ဒုတိယခြောက်လပတ် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များကို လွှတ်တော်၏ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ထပ်မံစစ်ဆေးပြီး ယခုလ ၂၇ ရက် က ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည် အစီရင်ခံခဲ့သေးသည်။

ထိုသို့အစီရင်ခံရာတွင် ယခုလ ၁ရက်အထိ စာရင်းများအရ ဝန်ကြီးဌာနငါးခုက ပြည်သူ့ဘဏ္ဍာငွေသို့ပြန်ပေးရန် ကျပ် သန်း ၃၅၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော်အပြင် သတ္တုတွင်းဝန်ကြီးဌာနက ပေးရသည့် ရွှေစင်မှာ လည်း ကျပ်သားပေါင်း သုံးသောင်းနှစ်ထောင်ကျော် အထိရှိနေသည်ကို လေ့လာတွေ့ရှိရသည်။

Most read this week