အသက်မပြည်သေးသည့် ကလေးများကို လိမ်ညာပြီးခေါ်ဆောင်ကာ စစ်တပ်သို့ ထည့်သွင်းထားသည် ဟု သြဂုတ် ၂၉ ရက်တွင် မိဘများက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ အသိပေးရှင်းလင်း ခဲ့သည်။
ယင်းရှင်းလင်းပွဲတွင် အသက် ၁၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူ၏ မိဘနှစ်ပါး နှင့် အသက်၁၉ နှစ်အရွယ် ကလေး၏ မိဘတစ်ဦးက ယင်းတို့၏ ကလေးများကို လိမ်လည်လှည့်ဖျားကာ စစ်တပ်ထဲသို့ ခေါ်သွင်းခဲ့ကြောင်း ရှင်းလင်းခဲ့သည်။
အထက်တန်း ကျောင်းသား မောင်ခိုင်စောလင်း၏ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းမာက “ကျွန်မ ကလေး က ဆယ်တန်းတက်နေတာပါ။ သူ့ကို မစုစုခင်ဆိုတဲ့ အမျိုးသမီးက ကလေးရဲ့နာမည်နဲ့ မိဘတွေရဲ့ နာမည်ကို ပါလိမ်ပြီး မှတ်ပုံတင်အတုနဲ့မိသားစုသန်းခေါင်စာရင်းအတုတွေ အကုန်လုပ်ပြီး သူသား မောင်ဇော်သက်ဦးဆိုပြီး မန္တလေး၊ သာစည်က ဆရာကြီးအောင်ရွှေ ငွေနှစ်သိန်းခွဲယူပြီး ပို့လိုက်တယ်။ သူကိုယ်တိုင် ကျွန်မတို့ကိုအင်းတိုင် NLD ရုံးမှာ ၀န်ခံထားပြီးပါပြီ။ အခုထိ စစ်တပ်မှာပဲ ရှိပါသေးတယ်” ဟု ဆိုသည်။
မောင်ခိုင်စောလင်းသည် ဒဂုံမြို့သစ် တောင်ပိုငး်အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒသမတန်း ပညာသင်ကြားလျှက်ရှိပြီး ကျောင်းတက်ရန်သွားရာက ပျောက်ဆုံးခဲ့သည်ဟု မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းမာကပြောသည်။ ယင်းသို့ပျောက်ဆုံးသွားပြီး ရပ်ကွက်တွင်းမှ ကလေးရှိမည့်ဖုန်းနံပါတ်ဟုဆိုကာ ဆက်ကြည့်ရာမှ ဆက်သွယ်ခဲ့ရာမှ ဗိုလ်ကြီးတစ်ဦး၏ ဖုန်းဖြစ်နေသည်ဟု ယင်းက ဆိုသည်။
“ဗိုလ်ကြီးကျော်သူမောင်က ကလေးကသူ့ဖာသာ စစ်တပ်ထဲကိုရောက်လာလို့ သူကတစ်လ၊ နှစ်လ ထိန်းသိမ်း ထားတာလို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မတို့က မယုံကြည်တဲ့အတွက် ဆက်စုံစမ်းလို့ မစုစုခင်ဆိုတဲ့ အမျိုးသမီး ဆီကတဆင့်ရောက်လာတာကို သိရတာပါ” ဟု မောင်ခိုင်စောလင်း၏ မိခင်က ပြောသည်။
လက်ရှိတွင် မောင်ခိုင်စောလင်းသည် သပိတ်ကျင်းလေ့ကျင့်ရေးတပ်တွင်ရှိနေပြီး ဒေါ်စုစုခင်နှင့်မိဘအရင်းများ သွားရောက်ထုတ်ယူရန်ကြိုးစားကြသော်လည်း တွေ့ခွင့်မရဟု ကလေး၏ ဖခင်ဖြစ်သူ ဦးကိုကိုနိုင်က ပြောသည်။
“ကျွန်တော်တို့က ကလေးကို ပြန်ထုတ်ချင်လို့ ဗိုလ်ကြီးကျော်သူမောင်ကို တင်ပြတော့ အထက်ကို တင်ပြပေးမယ် လို့ ပြောတယ်။ ဒီလ ၂၇ ရက်အကြောင်းပြန်မယ်လို့ ပြောတယ်။ ဒါပေမယ့် အကြောင်း မပြန်သေးဘူး။ အဲဒီ လေ့ကျင့်ရေး တပ်ရှေ့မှာ အသက် ၁၈ နှစ်မပြည့်သေးသူကို စစ်တပ်ထဲဝင်ခွင့် မရှိဆိုတဲ့ ကျောင်းဝတ်စုံနဲ့ ကလေးအရုပ်ပါတဲ့ ဆိုင်းဘုတ်ကြီးလည်းရှေ့မှာရှိတယ်။ ကျွန်တော်တို့က ကလေးကို တပ်မတော်ထဲ မဝင်စေ ချင်တာမဟုတ်ပါဘူး။ ပညာကို အရင်ဆုံးသင်ပြီးမှ စစ်တပ်ထဲဝင်ချင်ရင် ၀င်ခိုင်းမှာပါ” ဟု ဦးကိုကိုနိုင်က ပြောသည်။
ဒုတိယတစ်ဦးဖြစ်သည့် မောင်ကျော်စွာလင်းကို ရန်ကုန်မြို့တွင် ကားမောင်းသင်ပေးမည်ဟု ဆိုကာ ခေါ်ဆောင် သွားပြီး တစ်လခွဲအကြာ နေအိမ်သို့ ဖုန်းဆက်အကြောင်းကြားလာရာမှ သိရှိကြောင်း ဖခင်ဖြစ်သူ ဦးအောင်သောင်းကပြောသည်။
လက်ရှိတွင် မောင်ကျော်စွာလင်းမှာ ကော့သောင်း အမတ အမြောက်တပ် (၃၀၃) တွင် ရှိကြောင်းသိရသည်ဟု မိဘများကပြောသည်။