ရှစ်လေးလုံး သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် ဆရာမ အလုပ်ထုတ်ခံရခြင်းကို တက္ကသိုလ် ဆရာ/ ဆရာမများအသင်း ကန့်ကွက်

ရှစ်လေးလုံး သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် ဆရာမ အလုပ်ထုတ်ခံရခြင်းကို တက္ကသိုလ် ဆရာ/ ဆရာမများအသင်း ကန့်ကွက်
by -
မဇ္ဈိမ

ရှစ်လေးလုံး ငွေရတုအခမ်းအနားအကြို သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်အား အလုပ်ထုတ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟူသော ကြေညာချက်တစ်စောင်ကို သြဂုတ် ၂၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္မူသီရိမြို့နယ် အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန်ထမ်း ဆောင်နေသော ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၀ ရက်မှ ၁၄ရက်အထိ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေး ထွက်ခွာခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် သြဂုတ်လ အတွင်းတွင် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

တက္ကသိုလ် ဆရာ/ ဆရာမများအသင်း၏ ထုတ်ပြန်ချက်တွင် အထက်ပါ စွပ်စွဲချက်များဖြင့် “ဒေါ်စိုးစိုးခိုင်အား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းအပေါ် ကာယကံရှင်နှင့်ထပ်တူ လွန်စွာ အ့ံသြတုန်လှုပ် ၀မ်းနည်းမိပါသည်” ဟု ဖော်ပြပါရှိသည်။

ယင်းအပြင် အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ အား မျက်ကွယ်ပြုကာ ပုဂ်္ဂိုလ်ရေး အာဃာတဆန်ဆန် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု ဆောင်ရွက်ခြင်းဟု သုံးသပ် လိုက်ပြီး ရှစ်လေးလုံး ငွေရတုအခမ်းအနားအကြို သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သော နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ရာထူးမှထုတ်ပယ်ခြင်းသည် မြန်မာပြည်သူတစ်ရပ်လုံးနှင့် မြန်မာ့သမိုင်း၏ အကြီးကျယ်ဆုံး အရေးတော်ပုံ ကြီးကို သေးသိမ်အောင် ဆောင်ရွက်လိုက်သည့်သဘော
သက်ရောက်နေသည်ဟုလည်း ပါရှိသည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တက္ကသိုလ် ဆရာ/ဆရာမများအသင်း အတွင်းရေး မှူးဖြစ်သည့် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ တက္ကသိုလ်ဆရာ ဦးသန်းလွင်ဦးက “ဆရာမ ဒေါ်ခိုင်ခိုင်စိုး အနေနဲ့ ခွင့်မဲ့ပျက်ကွက် ခဲ့တာတွေလည်း ရှိခဲ့တော့ ကျောင်းစည်းကမ်းပိုင်းဆိုင်ရာနဲ့ ငြိစွန်းရင် ငြိစွန်းမယ်ဆိုပေမယ့် ဒီကိစ္စမှာတော့ ပြစ်မှုနဲ့ပြစ်ဒဏ် မမျှတဘူးလို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်။ ဒီဖြစ်ရပ်ဟာပညာရေးလော ကက ၀န်ထမ်းတွေသာမက ကျန်တဲ့ အစိုးရဝန်ထမ်းတွေအတွက်လည်း အကြောက်တရားတွေ ကိုဖြစ်ပေါ်စေပါ တယ်”ဟု ပြောသည်။

ဒေါ်စိုးစိုးခိုင်ဖြစ်ရပ်သည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများ၏ ဘဝလုံခြံုရေးကို တိုက်ရိုက် ခြိမ်းခြောက်နေသော ကိစ္စဖြစ်သည်ဟု ယူဆပြီး အဆိုပါကိစ္စနှင့် ပတ် သက်၍ သြဂုတ် ၂၆ ရက်မှ စတင်ကာ ၁၅ ရက် အတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ပွင့်လင်းမြင် သာမှုရှိစွာဖြင့်ပြန်လည် ဖြေရှင်းချက်ပေးရန်နှင့်၊ ပျက်ကွက်ပါက ဥပဒေနှင့်အညီ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ရင်ဆိုင် ဖြေရှင်းသွားမည်ဖြစ် သည်ပာ သဘောထားကြေညာချက်တွင် ပါရှိသည်။

ဆရာမ ဒေါ်စိုးစိုးခိုင်သို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ဒီလို ကြေညာချက်ထွက်လာတဲ့အတွက် အရမ်းကို အံ့သြဝမ်းသာရပါတယ်။ အားလည်း အများကြီး တက်ရပါတယ်။ မမှားခဲ့တဲ့ ကိစ္စအပေါ်အမှန်ကို အမှန်အတိုင်း ရပ်တည်ပေးတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလည်း ဒီကိစ္စကိုရင်ဆိုင် ဖြေရှင်းဖို့ ရှေ့နေ ငှားထားပါတယ်။ နောက်ဆုံးအချိန်အထိ အမှန်တရားအတွက် ရင်ဆိုင်ဖြေ ရှင်းသွားမှာပါ”ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက အသေးစိတ် ပြန်လည် စစ်ဆေးသွားမည်ဖြစ်သည်ဟုလည်း သြဂုတ်၂၃ ရက် နေပြည်တော် စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်သည့် ၀န်ကြီးများနှင့် စာနယ်ဇင်းသမားများ
တွေ့ဆုံဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ပြောကြားခဲ့သည်။

Most read this week