ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲနိုင်ရန် UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ) နှင့် UNA (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)တို့ ဦးဆောင်၍ ယခုလ အတွင်း ကော်မတီတစ်ခု ဖွဲ့ရန် ပြင်ဆင်နေသည်ဟု UNFC မှ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
“ကော်မတီက တချို့အဖွဲ့တွေရဲ့ အတည်ပြုမှုကို ရဖို့လိုသေးတယ်။ UNFC က ဘယ်သူတွေပါမယ်။ UNA က ဘယ်သူ တွေပါမယ်။ ကြီးကြပ်တဲ့သူတွေက ဘယ်သူတွေ၊ မူကြမ်းရေးဆွဲမှာက ဘယ်သူတွေဆိုတာကို UNFC အနေနဲ့ ဒီသြဂုတ်လ ထဲမှာပဲ လုပ်ထားပါတယ်” ဟု ဦးနိုင်ဟံသာက ဖွဲ့စည်းပုံအသစ် ရေးဆွဲရန် ကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံသည့်အတွက် အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေးအတွက် ကော်မတီဖွဲ့စည်း ရာတွင် UNFC နှင့် UNA ဦးစီးကာ ငြိမ်းချမ်းရေးယူထားသော အခြားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားလူငယ်၊ အမျိုးသမီးအဖွဲ့စသော အဖွဲ့အစည်းများ ပါ၀င်မည်ဟု ၎င်းက ပြောသည်။ ကော်မတီဖွဲ့မှုကို သြဂုတ်လကုန်တွင် ထုတ်ပြန်မည်ဖြစ်ပြီး အခြေခံဥပဒေကို အခန်းလိုက် ရေးဆွဲမည်ဟု ပြောကြားသည်။
“ကျွန်တော်တို့ လုပ်နိုင်တာက ပြည်သူလူထု လက်ထဲကို ထည့်ပေးဖို့၊ ဒီလိုပုံစံ ဖြစ်လာလိမ့်မယ်လို့ ရှင်းလင်းပေးဖို့ပဲ။ အခန်း (၁)ပြီးပြီ၊ အခန်း (၂) (၃)ပြီးပြီ အကုန်ကြေငြာမယ်။ ပြီးတဲ့ဟာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်မယ်။ အားလုံးလေ့လာနိုင်အောင်။ အခန်း (၄) (၅) (၆) အပတ်တိုင်း အပတ်တိုင်း မှာ ထုတ်သွားပြီး ပထမမူကြမ်းပြီး တဲ့အထိပေါ့” ဟု UNFC တွဲဖက်အတွင်းရေးမှူး ၂ပအိုဝ်း အမျိုးသားလွတ်မြောက် ရေးအဖွဲ့ PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မူကြမ်းကို မီဒီယာမှတစ်ဆင့် သုံးလအတွင်း အပတ်စဉ် ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။ ကော်မတီ၏ လုပ်ငန်းစဉ် အသေးစိတ်ကိုမူ လက်ရှိတွင် ထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆိုခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ထောက်ခံပါက ပြင်ဆင်မည့် မူကြမ်းကိုတင်နိုင်ပြီး ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်းက ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်ဟု ပါရှိသည်။ ထို့အပြင် အခန်း ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၁၁၊ ၁၂ မှ ပြဋ္ဌာန်းချက်များကိုမူ ပြင်ဆင်လိုပါက ကိုယ်စားလှယ် ရ၅ရာခိုင်နှုန်း ထောက်ခံသည့်အပြင် ပြည်သူ့ဆန္ဒခံယူပွဲကိုပါ ကျင်းပရမည်ဟုလည်း ပါရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲရန် UNFC အနေဖြင့် ယခင်ကပင် ကြိုတင်ပြင်ဆင်မှု ရှိခဲ့သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။ ဇူလိုင်လ ၂၉ရက်မှ ၃၁ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော တိုင်းရင်းသား ညီလာခံတွင် အခြေခံဥပဒေသစ် ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ညီလာခံ၏ဆုံးဖြတ်ချက်များကို သဘောတူသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအားအသစ် ပြန်လည်ရေးဆွဲရန်မူ အချိန်စောနေသေးသည် ဟု RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ) ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့်မီဒီယာက ဖော်ပြထားသည်။
ထိုသို့ ထောက်ပြဝေဖန်မှုကို ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူနားလည်မှုကလည်း လွဲတယ်လို့ ပြောလို့မရဘူး။ သူပြောတာလည်း မှန်တယ်။ သူပြောတဲ့ အသစ်ရေးတယ်ဆိုတာက တစ်ပြည်လုံးအတိုင်းအတာဆောင်တဲ့ အမျိုးသားညီလာခံ ပေါ်လာပြီးတဲ့အခါမှာ တရားဝင်ကိုယ်စားပြုမှုပါတဲ့ အဖွဲ့နဲ့ရေးတာကတော့ ဒါနောက် လဆုံးကိစ္စဖြစ်မယ်” ဟု ပြောသည်။
RCSS နှင့် UNFC တို့သည် WGEC (တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့)၏ ဖွဲ့စည်းရာတွင် ပါ၀င်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်မူကြမ်းကို ရေးဆွဲ ခဲ့သည်။ ထိုမူကြမ်းကို အစိုးရနှင့်ဆွေးနွေးရာတွင် ကော်မတီ တစ်ခုထပ်မံဖွဲ့ပြီး ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ သည့်နောက်ပိုင်း ၂၀၁၃ ဇွန်လတွင် UNFC က WGEC မှ နှုတ်ထွက်ခဲ့သည်။
WGEC သည် ထိုမူဘောင်မူကြမ်းအား အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ဆွေးနွေးရန် ပြည်တွင်းသို့ ရောက်ရှိနေပြီး ယခုလ ၃၁ရက်တွင်လည်း ထိုကော်မတီဥက္ကဋ္ဌ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် တွေ့ဆုံရန်ရှိကြောင်း RCSS က ပြောခဲ့သေးသည်။
ထို့အတူ UNFC နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့တို့ သြဂုတ်လအတွင်း ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် တွေ့ဆုံရန်ရှိသော်လည်း အစိုးရဘက်မှ စက်တင်ဘာလ ဆန်းပိုင်းမှသာ တွေ့ဆုံတော့မည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာက အကြောင်းပြန်ကြားထားကြောင်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။