နိုင်ငံတော်ဘာသာနေ့ ကျင်းပမည့်ကိစ္စ သံတွဲတွင် ကောလာဟလများထွက်နေသဖြင့် ရဟန်းတော်များ ဖြေရှင်း

နိုင်ငံတော်ဘာသာနေ့ ကျင်းပမည့်ကိစ္စ သံတွဲတွင် ကောလာဟလများထွက်နေသဖြင့် ရဟန်းတော်များ ဖြေရှင်း
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၅၂ နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အဖြစ် ယနေ့ကျင်းပမည်ဖြစ်ရာ ထိုကိစ္စနှင့် ပတ်သက်၍ မြို့ခံမွတ်စလင်အသိုင်းအဝိုင်းကြားနှင့် အင်တာနက် စာမျက်နှာအချို့တွင် ကောလာဟလများ ပျံ့နှံ့နေသည်ကို ဗုဒ္ဓဘာသာရဟန်းတော်များက ဖြေရှင်းချက်ထုတ်လိုက်သည်။

သံတွဲမြို့ရှိ မွတ်ဆလင်လူမျိုးများ၏ နေအိမ်များကို ဗုဒ္ဓဘာသာသာသနာ့ အလံများ လိုက်လံထိုးစိုက်နေသလို၊ မြို့ပေါ်ရှိ ဘာသာခြားများကိုလည်း ဗုဒ္ဓဘာသာ ရဟန်းတော်များက အတင်းအကြပ် ရဟန်းဝတ်ပေးနေသည်ဟု အင်တာနက် စာမျက်နှာအချို့တွင် စွပ်စွဲဖော်ပြနေကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် ဘာသာနေ့ကျင်းပရေး ဦးစီးဆောင်ရွက် နေသည့် သံတွဲမြို့နယ် စည်းကမ်း ထိန်း သိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က သြဂုတ် ၂၅ ရက် တွင် ကြေငြာချက် ထုတ်ပြန်ရှင်းလင်း ထားသည်။

ယင်းကြေငြာချက်တွင် အင်တာနက်မှ သတင်းများသည် လုံးဝမဟုတ်မှန်သော အလိမ်အညာ သတင်းများ သာဖြစ်ကြောင်း၊ နိုင်ငံတော်ဘာသာနေ့ကျင်းပရန် ဦးစီးသည့် သံဃာ့အဖွဲ့အစည်းသည် မည်သည့်ဘာသာကိုမှနှိပ်ကွပ်လိုသော သဘောမရှိကြောင်း ဖော်ပြထားသည်။

စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့သည် သံတွဲမြို့နယ်တွင်းရှိ သံဃာတော်များ စုပေါင်းကာ ဘာသာရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းဖြစ်ကာ ဥက္ကဋ္ဌအဖြစ် ပုလဲဆရာတော်ဘဒ္ဒန္တအိန္ဒြစာရကလည်းကောင်း ဒုဥက္ကဋ္ဌသိမ်ကုန်း ဆရာတော် ဘဒ္ဒန္တတေဇိန္တကလည်းကောင်း တာဝန်ယူဆောင်ရွက်နေသည်။

“ဒီသတင်းတွေထွက်ပေါ်နေတာ လုံးဝ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ဒီလိုမလုပ်ပါ ဘူး။ ဦးဇင်းတို့ လုပ်တာက ဗုဒ္ဒဘာသာ ထုံးစံအရ သီလသြဝါဒခံယူခြင်း၊ ဆွမ်းခံခြင်းတွေပဲ လုပ်မှာပါ” ဟု ပွဲဖြစ်မြောက်ရေး အကျိုးတော် ဆောင် ဆရာတော် တစ်ပါး ဖြစ်သည့် ဦးစန်္တိမာကမဇ်္စျိမကို မိန့်သည်။

နိုင်ငံတော်ဘာသာနေ့ အခမ်းအနားတွင် သီလခံယူခြင်း သံဃာတော်များက သြဝါဒပေးခြင်းများပြုလုပ် ပြီးစီးပါက သံယာအပါး ၃၀၀ ခန့်က မြို့တွင်းသို့တန်းစီလှည့်လှည်၍ ဆွမ်းခံကြမည်ဟုလည်း ပွဲစီစဉ်သည့် ဆရာတော်များက မိန့်သည်။

အခြားတစ်ဖက်တွင်မူ ထိုသို့ အခမ်းအနားကို ကျင်းပမည့်ကိစ္စနှင့် ပတ်သက်၍  “ပြသနာတွေဖြစ်နေတော့ ဘုန်းကြီးတွေ ဆွမ်းခံကြွတာအကြောင်းပြုပြီး အကြမ်းဖက်ချင်သူတွေပါ၀င်လာမှာကိုတော့ အစ္စလာမ်တွေ ဘက်က စိုးရိမ်နေကြပါတယ်” ဟု သံတွဲ မြို့ခံ အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်သည့် ကိုကျော်စိုးက မဇ္စျိမကို ပြောသည်။