“အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များမှာ များပြားလွန်းသည့်အတွက် ပြန်လည်ပြင်ဆင်မည့် အဆိုတင်သွင်းခြင်းကို ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမမြောက် ပုံမှန်အစည်း အဝေး ၂၄ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
အဆိုပါ အီလက်ထရောနစ် အက်ဥပဒေပါ ပြစ်မှုပြစ်ဒဏ်မှာ များပြားလွန်းပြီး အဆိုပါဥပဒေဖြင့် နိုင်ငံရေး သမားများ၊ ကျောင်းသားခေါင်းဆောင်များကို နှစ်ရှည် ထောင်ဒဏ်ပြစ်ဒဏ်များပေးသည့် ဥပဒေတစ်ရပ် ဖြစ်ခဲ့သည်။ သို့ဖြစ်၍ အချိန်ကာလနှင့်လျော်ညီမှုရှိစေရန်အတွက် ဥပဒေပါပြစ်ဒဏ်များကို ဖြေလျော့ခြင်း၊ ပြင်ဆင်သင့်သည့် အချက်များကို ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က သြဂုတ် ၂၁ ရက်တွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုတင်သွင်းရာတွင် ဦးသိန်းညွှန့်က “အတတ်ပညာ နည်းပညာဆိုင်ရာ ဥပဒေကို ပြစ်မှုဆိုင်ရာ ဥပဒေကြီးတို့လို အင်မတန်မှ ကြီးမားတဲ့ ပြစ်ဒဏ်များ သတ်မှတ်ထားခြင်းဟာ ဒီနေ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်ကာလမှာ ပြုပြင်ပြောင်းလဲရေး ပြစ်ဒဏ်မဟုတ်တော့ဘူး။ အင်မတန်မှ ကြီးမားပြင်းထန်တဲ့ ပြစ်ဒဏ်ဖြစ်တဲ့အတွက် ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်းမှာ တင်ထားပါတယ်”ဟု ဆိုသည်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုတ်သိမ်းပေးရန်နှင့် e-commerce ဥပဒေ အသစ်အား ရေးဆွဲသင့်ကြောင်း ၂၀၁၃ ဇန်နဝါရီလ ၂၉ ရက်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးသောင်းတင်က တင်ပြခဲ့ပြီး e-commerce ဥပဒေသစ်ရေးဆွဲ မပြဋ္ဌာန်းသေးမီ အီလက်ထရောနစ်အက်ဥပဒေရှိ ပြစ်မှုပြစ်ဒဏ် အပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင် သင့်ကြောင်း လွှတ်တော်က သဘောတူထားခဲ့သည်။
ဒု-၀န်ကြီး ဦးသောင်းတင်က “လွှတ်တော်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဥပဒေအသစ် (e-commerce ဥပဒေ) ရေးဆွဲခြင်းကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန ပညာရှင်များ၊ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အိုင်တီပညာရှင်များ၊ နိုင်ငံတကာမှ ဥပဒေနဲ့ အိုင်တီပညာရှင်များ အပါအဝင် ကော်မတီဖွဲ့ပြီး ဆောင်ရွက်လျှက် ရှိနေပါတယ်”ဟု သြဂုတ် ၂၁ ရက်က ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။
အဆိုပါဥပဒေပါ ပြစ်ဒဏ်သတ်မှတ်ချက်များမှာ တိကျမှုမရှိကြောင်း၊ ထို့ပြင် ပြစ်ဒဏ်များမှာ လွန်စွာကြီး မားနေသည် ဟု အဆိုပါဥပဒေဖြင့် အကျဉ်းကျခဲ့ဖူးသူ ဘလော့ဂ်ဂါ နေဘုန်းလတ်က ဆိုသည်။
ဘလော့ဂ်ဂါ နေဘုန်းလတ်က “ဒီဥပဒေက ပြစ်မှု ပြီးပြည့်စုံမှု မရှိဘူး။ ပြစ်ဒဏ်ပိုင်းဆိုင်ရာမှာလည်း ပြစ်မှု ဖြစ်မြောက်အောင် လုပ်နိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက မတိကျဘူး။ နည်းပညာနဲ့ ပတ်သက်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေလည်း တိကျဖို့ လိုအပ်တယ်။ နောက် ပါ၀င်တဲ့ ပြစ်မှုပြစ်ဒဏ်တွေကလည်း ကြီးမားလွန်းနေ တယ်။ ဒါက နည်းပညာနဲ့ဆိုင်တဲ့ ဥပဒေဆိုတော့ ပြင်ဆင်တဲ့အခါ နည်းပညာဆိုင်ရာ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရေးဆွဲသင့်တယ်”ဟု မဇ္စျိမကို ပြောသည်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ၂၀၀၄ ခုနှစ် ဧပြီ ၃၀ ရက်က စတင်ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ ကာလအချိန်ထိ အသုံးပြုနေသော ဥပဒေတစ်ရပ်လည်း ဖြစ်သည်။