မိတ်္ထီလာမြို့အဝင်တွင် ကုလကိုယ်စားလှယ် ကင်တားနား ဆန္ဒပြခံရ

မိတ်္ထီလာမြို့အဝင်တွင် ကုလကိုယ်စားလှယ် ကင်တားနား ဆန္ဒပြခံရ
by -
မဇ္ဈိမ

အမြင်မတူသည့် လူအုပ်စု အကြား ပဋိပက္ခများစတင် ဖြစ်ပွားခဲ့သည့် မိတ်္ထီလာမြို့သို့  သြဂုတ် ၁၉ ရက်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား   သွားရောက်လေ့လာခဲ့ရာ မြို့အဝင်တွင် ဒေသခံ ၄၀၀ ခန့်က စုပေါင်း ဆန္ဒပြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုဆန္ဒပြပွဲသည် အာဏာပိုင်များထံ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါ၀င်ခဲ့သူ ဒေသခံ ၈၈ မျိုးဆက်ကျောင်းသား ကိုထိန်မင်းခိုင်က ပြောသည်။

မစ္စတာကင်တားနားကို ဆန္ဒပြရန် ဒေသခံ အများအပြားက ကြိုတင် စောင့်ဆိုင်းနေခဲ့ကြသော်လည်း ညမထွက်ရ အမိန့် ထုတ်ထားသောကြောင့် အာဏာပိုင်များက လူစုခွဲရန် လာအကြောင်းကြားသဖြင့် လူအင်အား ၄၀၀ ခန့်သာ ဆန္ဒပြဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ကိုထိန်းမင်းခိုင်က ဆိုသည်။

ကုလကိုယ်စားလှယ် စီးနင်းလာသော ကား မြို့တွင်းဝင်လာချိန်တွင် “ကင်တားနား အလိုမရှိ”၊ ဘင်္ဂါလီ သွေးထိုး လှုံ့ဆော်သူ ကင်တားနား ထွက်သွား” ဟူသော ကြွေးကြော်သံများကို ဆန္ဒပြသူများက ကြွေးကြော် ခဲ့ကြကြောင်း မိတ်္ထီလာမြို့၊ ချမ်းအေးရပ်ကွက်နေ မဖြူဖြူက မဇ္စျိမကို ပြောသည်။

မစ္စတာကင်တားနားသည် ည ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်တွင်မှ မိတ်္ထီလာမြို့တွင်းသို့ ၀င်ရောက်လာခဲ့ ခြင်းဖြစ်ပြီး ဆန္ဒပြမှုများနှင့် ရင်ဆိုင်ကြံုတွေ့ရသလို ၎င်းစီးနင်းလာသည့် ကားနောက်မှ ဒေသခံများက ဆိုင်ကယ် စီးနင်းလိုက်ပါကာ သူ့ကို အလိုမရှိကြောင်း ကြွေးကြော်နေကြသဖြင့် ကားပေါ်မှပင် မဆင်းတော့ဘဲ ညတွင်းချင်း ပြန်သွားခဲ့သည်ဟု သီရိမင်္ဂလာရပ်ကွက်နေ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

မိတ်္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက “ကင်တားနား လာမယ်ဆိုတာ ကြိုသိလို့ ခွင့်ပြုချက် ယူထားပြီး ဆန္ဒထုတ်ဖော်တာဖြစ်တဲ့အတွက် အုတ်အော် သောင်းတင်းတော့ မဖြစ်ခဲ့ပါဘူး”ဟု အခြေအနေကို ရှင်းပြသည်။

ဆန္ဒပြသူများသည် မစ္စတာကင်တားနားက ကုလသမဂ္ဂတွင် အစီရင်ခံရာ၌ ဘင်္ဂါလီများဘက်မှ ဘက်လိုက် ရေးသားခဲ့သည်ဟု ယူဆကာ ဆန္ဒပြကြခြင်းဖြစ်သည်ဟုလည်း ဆန္ဒပြပွဲတွင် ပါ၀င်သူများက ဆိုသည်။

မစ္စတာကင်တားနား မိတ်္ထီလာမြို့တွင်းသို့ ၀င်ရောက်လာချိန်သည် ဒေသန္တရ ညမထွက်ရ အမိန့်ထုတ် ထားသည့် အချိန်ထက် မိနစ် ၃၀ ခန့် ကျော်လွန်နေပြီဖြစ်သဖြင့် ထိုအချိန်ထိ စောင့်ဆိုင်းဆန္ဒပြသူများ အနက်မှ ၁၀ ဦးကို ရဲစခန်းက ခေါ်ယူစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ဟု ကိုထိန်မင်းခိုင်က ပြောသည်။

သို့သော် ဒေသခံ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ရဲစခန်းသို့ သွားရောက်ရှင်းပြခဲ့သဖြင့် ထိုသူ ၁၀ ဦးကို ခံဝန်ကတိလက်မှတ်သာထိုးစေပြီး ညတွင်းချင်းပင် ပြန်လွှတ်ပေးခဲ့ကြောင်း သူက ဆက်ရှင်းပြသည်။

ပြီးခဲ့သည့် မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် မိတ်္ထီလာမြို့မှ ပဋိပက္ခများကြောင့် လူနေအိမ်၊ စျေးဆိုင်၊ ဘာသာရေး အဆောက်အအုံ စုစုပေါင်း ၁၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေသုံးသောင်းခန့် အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ရသည်။

လက်ရှိတွင် အိုးအိမ်ပျက်စီးသွားသူများကို ဒုက္ခသည်စခန်းများတွင် စောင့်ရှောက်ထားပြီး ဇူလိုင် ၁၀ ရက်တွင် အစိုးရက ညမထွက်ရအမိန့်ကို ယခင်က ထုတ်ထားသည့် ည ၉ နာရီမှ နံနက် ၅ နာရီအစား၊ ည၁၀ နာရီမှ နံနက် ၄ နာရီသို့ လျှော့ချပေးခဲ့သည်။