အမတ်များ မေးခွန်းအတိုချုပ်မေးရန် ဦးရွှေမန်းသတိပေး

အမတ်များ မေးခွန်းအတိုချုပ်မေးရန် ဦးရွှေမန်းသတိပေး
by -
မဇ္ဈိမ

လွှတ်တော်တွင် မေးခွန်းများမေးမြန်းရာ၌ အမတ်များအနေဖြင့် အခမ်းအနားအစီအစဉ်တွင် ဖော်ပြထားသည့် မေးခွန်းအတိုချုပ်သာ မေးမြန်းရန် သြဂုတ် ၁၉ ရက်တွင် အောက်လွတ်တော်ဥက္ကဋ္ဌက ဦးရွှေမန်းက အမတ်များထံ  အကြောင်းကြားစာပေးပို့ပြီး သတိပေးလိုက်သည်။

ခုနစ်ကြိမ်မြောက်ပြုလုပ်သည့် ယခု လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးရွှေမန်းက မေးခွန်းနိဂုံးချုပ်ရန် နှုတ်ဖြင့် မကြာခဏ သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ စာဖြင့် ထပ်မံသတိပေးလိုက်ခြင်းဖြစ်သည်။

ယင်းသို့သတိပေးရခြင်းမှာ လွှတ်တော် အစည်းအဝေးများ လျင်မြန်သွက်လက်စေရေးအတွက်ဖြစ်သည်ဟု လည်း ဦးရွှေမန်း၏ သတိပေးစာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၄၁(င)တွင်လည်း မလိုအပ်ဘဲ ရှည်လျားခြင်းမရှိသော မေးခွန်းများကို သာ လွှတ်တော်တွင်မေးရန်ပြဌာန်းထားသည်ဟု သတိပေးအကြောင်းကြားစာတွင် ထည့်သွင်းကိုးကားထားသည်။

ယခုကဲ့သို့ အတိုချုပ်မေးမြန်းရန် လွှတ်တော်ဥက္ကဋ္ဌက သတိပေးသည်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဒေါ်ခင်စောဝေက  “မေးခွန်းတစ်ခုကို  မေးတယ်ဆို လို့ရှိရင် ကျိုးကြောင်းဖော်ပြချက် အဓိက Voice (အသံ) မပါဘဲနဲ့တော့ ဘယ်သူမှနား လည်မှာမဟုတ်ဘူးလေ” ဟု ထောက်ပြပြောဆိုသည်။

သို့သော် “တချို့အမတ်တွေကျတော့လည်း ကျိုးကြောင်းဖော်ပြချက်မရှိ၊ မသက်ဆိုင်ဘဲနဲ့ အရှည်ကြီးတွေမေး တယ်။ အဲဒါကျတော့လည်းဟုတ်တာပေါ့။ အချိန်ကုန်ပြီး အကျိုးမရှိဘူးလေ” ဟု သူကဆက်ပြောသည်။