ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာသို့ ကင်တားနား သွားခွင့်မရ

ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာသို့ ကင်တားနား သွားခွင့်မရ
by -
မဇ္ဈိမ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေး ကင်တားနား သည် မြစ်ကြီးနားမြို့မှတစ်ဆင့် ကချင်လွတ်လပ်ရေးအဖွဲ့KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်ရန် အစိုးရက ခွင့်မပြုခဲ့သဖြင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း မြန်မာနိုင်ငံမှကုလရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း က ပြောသည်။

မြစ်ကြီးနားတွင် ရောက်ရှိနေသော မစ္စတာကင်တားနားသည် မူလက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီးနောက် KIO ဌာနချုပ်ကို စီစဉ်ထားခဲ့သော်လည်း ခရီးစဉ်ဖျက်လိုက်ရသဖြင့် သြဂုတ် ၁၄ ရက်ညတွင် မြစ်ကြီးနား၌ အိပ်စက်ရမည်ဟု သူက ဆက်ရှင်းပြသည်။

ဦးအေးဝင်းက မစ္စတာကင်တားနား၏ ခရီးစဉ်နှင့်ပတ်သက်၍ “မနက်ဖြန်အစီအစဉ်က အပြောင်းအလဲ တွေရှိတော့ မသေချာလို့ ကျွန်တော် မပြောနိုင်သေးဘူး”ဟုလည်း ဆိုသည်။

သို့သော် မစ္စတာကင်တားနားသည် KIO ၏ လုပ်ငန်းအဖွဲ့နှင့်မူ သြဂုတ် ၁၄ ရက်က တွေ့ဆုံဖြစ်ခဲ့သည် ဟုဆိုသည်။ ထို့ပြင် ၎င်းတို့အဖွဲ့သည် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များထံ သွားရောက်တွေ့ဆုံခဲ့ သေး သည်ဟုလည်း စုံစမ်းရရှိသည်။

မစ္စတာကင်တားနားသည် သူ၏ ခုနစ်ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်သော ယခုခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် စသည့်ဒေသများသို့ သွားရန် စီစဉ်ထားသည်။

သြဂုတ် ၁၂ ရက်က ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာစဉ်ကမူ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ဆန္ဒပြမှု ကို အကြိမ်ကြိမ် ကြံုတွေ့ခဲ့ရသည်။

Most read this week