မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ဟု သတ်မှတ်ထားသော ခါကာဘိုရာဇီတောင်ထက် ဂမ်လန်ရာဇီတောင်က ပိုမြင့်သည်ကို သက်သေပြရန် မြန်မာ- အမေရိကန် ပူးပေါင်းပြီးတက်မည်ဟု ထူးဖောင်ဒေးရှင်းအမှုဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦးက ပြောသည်။
ထူးဖောင်းဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် လာမည့် ၁၅ ရက်တွင် တက်ရောက်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံသား ငါးဦး နှင့် မြန်မာနိုင်ငံသားနှစ်ဦးတို့ ပါ၀င်မည်ဖြစ်သည်။
အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ Topography Photo (၁၉၄၅) အရ ဂမ်လန်ရာဇီတောင်သည် မြန်မာနိုင်ငံ၏ လက်ရှိအမြင့်ဆုံးဟု သတ်မှတ်ထားသော ခါကာဘိုရာဇီတောင်ထက် ပေ ၉၀ ပိုမြင့်သည် ဟု သိရှိရကြောင်း၊ ယင်းသို့ အမှန်တကယ်မြင့်မားကြောင်းကို တိုင်းတာကာ အရှေ့တောင်အာရှ၏ သမိုင်းသစ် တစ်ခု ရေးထိုးနိုင်ရန်ဖြစ်ကြောင်း ထူးဖောင်းဒေးရှင်၏ တာဝန်ရှိသူများက ဆိုသည်။
မြန်မာ-တိဗက်နယ်စပ်ရှိ ဂမ်လန်ရာဇီတောင်တက်မည့်ခရီးစဉ်အား မြန်မာနိုင်ငံတောင်တက်သမားများဖြစ်သည့် ဦးဝင်းကိုကို၊ ဦးပြည့်ဖြိုး၊ အမေရိကန်နိုင်ငံသားငါးဦးတို့ဖြင့် ခေတ်အမီဆုံး ဂျီပီအက်စ်စနစ် များဖြင့် တိုင်းတာ ကာ အမှန်တကယ်မြင့်မားကြောင်း သက်သေပြနိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ဆိုသည်။
ယခုတက်ရောက်မည့် အမေရိကန်အဖွဲ့နှင့် ညှိနှိုင်းကာ ခါကာဘို ရာဇီဘေးမဲ့တောအား ကမ္ဘာ့အဆင့်မီ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နိုင်သူများ ထားရှိထိန်းသိမ်းစောင့်ရှောက်ရန် ဆောင်ရွက် စီစဉ်ထား ကြောင်း လည်း ဆိုသည်။
၂၀၁၂ ခုနှစ်အတွင်းတွင် ထူးကုမ္ပဏီ၏ တာဝန်ရှိသူများသည် ကချင်ပြည်နယ်ရှိ မဒွယ်တောင်သို့ တက်ရောက်ခဲ့ ရာ ရဟတ်ယာဉ်ပျက်ကျခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။