ကရင်ပြည်နယ်ဘားအံမြို့နယ်အတွင်းလိုအပ်ချက်အရ ဆွဲခန့်ဆရာ၊ဆရာမ ခန့်အပ်

ကရင်ပြည်နယ်ဘားအံမြို့နယ်အတွင်းလိုအပ်ချက်အရ ဆွဲခန့်ဆရာ၊ဆရာမ ခန့်အပ်
by -
မဇ္ဈိမ

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ဆရာ၊ဆရာမ လိုအပ်ချက်များအရ ဆွဲခန့် ဆရာ၊ဆရာမ၂၈၀ နီးပါး ခန့်အပ်သွားမည်ဖြစ်သည်ဟု ဘားအံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘားအံမြို့နယ်အတွင်း ယင်းသို့ ဆွဲခန့် ဆရာ၊ ဆရာမ မခန့်အပ်သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့် ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် ဆရာ၊ ဆရာမ လိုအပ်ချက်ကြောင့် ခန့်အပ်ခြင်းဖြစ်ကာ ဒေသတွင်း အလုပ်အကိုင် ဖန်တီးပေးလိုသည်လည်းဖြစ်သည်ဟု ဘားအံမြို့နယ် ဒုတိယပညာရေးမှူး ဦးဋ္ဌေးလွင်က ပြောသည်။

ဆွဲခန့် ဆရာ၊ ဆရာမဆိုသည်မှာ နေ့စား လပေးစနစ်ဖြင့် ခန့်အပ်ခြင်းဖြစ်ပြီး ယင်းဆရာ၊ ဆရာမများကို အိမ်မှ ကျောင်းသို့ နေ့ချင်းပြန် မရသည့် မူလတန်းကျောင်းများတွင် ခန့်အပ်သွားမည်ဖြစ်သည်ဟုလည်း ဦးဋ္ဌေးလွင်က ပြောသည်။ နေ့စား၊ လပေးစနစ်သည် နေ့တွက်နှုန်းဖြင့် တွက်ချက်၍ လကုန်မှပေးခြင်းဖြစ်ကာ ပိတ်ရက်များအတွက်မူ တွက်ချက်ပေးမည်မဟုတ်ဟု အလုပ်ခန့်အပ်ခံရသည့် ဆရာမအချို့ထံမှ သိရသည်။

ယင်းသို့ ခန့်အပ်ရာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နေ့စားနှုန်းဖြင့်ပင် လစာရမည်ဖြစ်သည်။

ဘားအံမြို့နယ်အတွင်း ကျောင်းများကို နယ်မြေအလိုက် အဆင့်သတ်မှတ်ထားပြီး A.B.C.D.Eဟူ၍ နယ် မြေခွဲခြားထားသည်။ နယ်မြေအလိုက် ကျောင်းများတွင် A သည် မြို့ပေါ်ကျောင်းဖြစ်ပြီး B သည်မြို့အနီး နေ့ချင်းပြန်နိုင်သော ကျောင်းဖြစ်ကာ C.D.E သည် နေ့ချင်းပြန်မရသည့် ကျောင်းများဖြစ်သည်။

ဦးဌေးလွင်က “အသစ်ခန့်မယ့် ဆရာ၊ဆရာမတွေမှာ M. Sc ဘွဲ့ရဆိုရင် C.D.E ရှိတဲ့ အထက်တန်းကျောင်း ခွဲတွေမှာပဲ ခန့်တယ်။ ဘွဲ့ရတွေကြတော့ C.D.E ရှိတဲ့ မူလတန်းကျောင်းတွေမှာပဲ ခန့်တယ်”ဟု ပြော သည်။

ယင်းသို့ ဆွဲခန့် ဆရာ၊ ဆရာမများ ခန့်ထားခြင်းနှင့် ပတ်သက်၍လည်း ၎င်းက “ဆွဲခန့် ဆရာမတွေ ခန့် တယ်ဆိုတာ ပညာရေးဆိုင်ရာမှာ ဆရာမတွေ လိုအပ်ချက်အရ၊ ပညာရေးကောလိပ်ဆင်း အင်အားနဲ့ လစ်လပ်တာနဲ့ မမျှတာကြောင့် ကျောင်းတွေမှာ ဆရာတွေ လစ်လပ်တာလည်းများတော့ ဒေသသူတွေ အလုပ်တွေရအောင်ဆိုပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း ဖန်တီးပေးလိုက်တာ”ဟု ဆိုသည်။

ဘားအံမြို့နယ်အတွင်း ဘွဲ့ရရှိသူများ အလုပ်အကိုင်ရှားပါးသဖြင့် အခြားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေရခြင်းများ ရှိကာ ယခုကဲ့သို့ ဒေသအတွင်း အလုပ်လုပ်နိုင်သောကြောင့် ဘားအံမြို့နယ်အတွင်းရှိ ဘွဲ့ရလူငယ်များ အတွက် ပိုမို အဆင်ပြေကြောင်း ဒေသခံများက ပြောသည်။

ဘားအံမြို့နယ်အတွင်း မင်းဇီရွာ မူလတန်းကျောင်းတွင် အလုပ်ခန့်အပ်ခြင်း ခံရသည့် မူလတန်းကျောင်း ဆရာမတစ်ဦးက “ဘွဲ့ရတာကြာပြီ။ အလုပ်လုပ်ချင်ပေမယ့် နယ်မှာဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းက မရှိတော့ ဒီအတိုင်းပဲ နေနေရတယ်။ အခု ဆရာမတွေ ခေါ်တယ်ဆိုတော့ ၀င်လျှောက်လိုက်တာ။ တ ခြားရွာက မူလတန်းကျောင်း မှာ တာဝန်ကျပါတယ်။ အလုပ်သာ မရဘူးဆိုရင် သူများနိုင်ငံကို မသွားချင်ဘဲ အလုပ်လုပ်ရတော့မလို ဖြစ်နေတယ်။ အလုပ်ရပြီဆိုတော့ ဘယ်ဒေသမှာပဲ တာဝန်ကျကျ သွားလုပ်မယ်ဟု ဆိုသည်။

ဘားအံမြို့နယ်တွင် အခြေခံပညာရေးအထက်တန်း၊ အလယ်တန်း မူလတန်းကျောင်းပေါင်း ၄၃၈ကျောင်းရှိ ကြောင်း ပညာရေးမှူးရုံးမှ စာရင်းများအရ သိရသည်။