ဗိုလ်ချုပ်ရုပ်ရှင်အတွက် ထုတ်လုပ်မှုအကြံပေး မစ္စစ်ကိတ်ဂျိမ်း(စ်) မြန်မာနိုင်ငံသို့ ရောက်ရှိ

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ထုတ်လုပ်မှုအကြံပေး မစ္စစ်ကိတ်ဂျိမ်း(စ်) မြန်မာနိုင်ငံသို့ ရောက်ရှိ
by -
မဇ္ဈိမ

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန်အတွက် သြစတြေးလျမှ ထုတ်လုပ်မှု အကြံပေး မစ္စစ် ကိတ်ဂျိမ်း(စ်)သည် မြန်မာနို်င်ငံတိုု့ ဇူလိုင် ၅ ရက်တွင် ရောက်ရှိလာကြောင်း ဦးသူရ(ခေါ်) ဇာဂနာက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ရိုက်ကူးရန်အတွက် ၎င်းသည် ကုန်ကျစရိတ်တွက်ချက်မှုများ၊ ဆက်တင် အခမ်းအနားပြင်ဆင်ရာတွင် သက်သာသော ကုန်ကျစရိတ်များဖြစ်စေရန်နှင့့်် ရုပ်ရှင်ရိုက်ကူးရာတွင် ပါ၀င်သရုပ်ဆောင်မည့်သူများကို အပြီးသတ်ရွေးချယ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် လာရောက်ခြင်းလည်း ဖြစ်သည်။

ဇာဂနာက “သူနဲ့ အဆက်အသွယ်ရတာ ရှစ်လလောက် ရှိပါပြီ။ သူက နိုင်ငံတကာက ရိုက်ကူးရေးတွေမှာ အကြံပေး အနေနဲ့ လုပ်ကိုင်နေရတော့ လုံးဝမအားတဲ့အတွက် အချိန်ရရင် ထုတ်လုပ်မှုမှာ အကူအညီပေးဖို့ ကမ်းလှမ်းထားတာပါ။ သူ့အနေနဲ့ ရုပ်ရှင်တစ်ကား ရိုက်ကူးတော့မယ်ဆိုရင် ရိုက်ကူးမယ့်ဇာတ်ဝင်ခန်းတွေကို နေရာဒေသအလိုက် အသေးစိတ် တွက်ချက်ပေးပါတယ်။ အဲဒီလိုတွက်ချက်ပေးတော့ ထုတ်လုပ်ရေးအပိုင်းမှာ ကုန်ကျမယ့် ကုန်စရိတ်တွေ အများကြီးသက်သာသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို မြန်အောင် ဇာတ်ညွှန်းရေးပေးတယ်။ ဇာတ်ညွှန်းက ရိုက်ကွင်းပေါ်မှာလည်း ပြင်ရတာရှိတယ်။ အဲဒီအဖွဲ့ကို အလုပ်လုပ်လို့ရအောင် ကြားကနေပြီး ပေါင်းစပ်ပေးတယ်။ တတိယတစ်ချက်က ဒါရိုက်တာအဖွဲ့ကို အလုပ်လုပ်လို့ အဆင်ပြေအောင် အာဏာပိုင်တွေနဲ့ တင်ပြမှုတွေအတွက် ဆောင်ရွက်ပေး တယ်။ ဥပမာ- ဂျပန်၊ ယိုးဒယားတွေဆီကို သွားရိုက်မယ်ဆိုရင် တင်ပြရမယ့် အကြောင်းအရာတွေကို လုပ်ပေးရတာမျိုးပေါ့။ အရေးကြီးဆုံးအချက်က ပိုက်ဆံရဲ့အသုံးပြုမှုအပိုင်းကို တွက်ချက်ဖော်ပြပေးတာပါ” ဟု ဆိုသည်။

ဒါ့အပြင် သူသည် ရုပ်ရှင်ရိုက်ကူးရေးတွင် ပါ၀င်သည့် အစိတ်အပိုင်းများဖြစ်ကြသည့် Pre-Production၊ Production၊ Post Production အပိုင်းများတွင်လည်း အသေးစိတ် ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ဒါရိုုက်တာများသည် ဇာတ်ဝင်ခန်း၏ အသုံးပြုမည့်အခန်းနှင့်အတူ နိုင်ငံအလိုက် ရိုက်ကူးသွားမည့် အစီအစဉ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ဗိုလ်ချုပ်ဇာတ်ကား ရိုက်ကူးရန်အတွက် ကုန်ကျစရိတ်များကို ဒေါ်အောင်ဆန်းစုကြည်က အကုန်ကျခံမည် ဖြစ်သည်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်ရန် ရွေးချယ်ထားသူများအား ပြင်သစ်နိုင်ငံမှ ဆရာများဖြင့် သင်ကြားလျက်ရှိပြီး ဗိုလ်ချုပ်နေရာတွင် ကမ္ဘောဇအသင်းမှ ကျော်ကျော်မျိုးက သရုပ်ဆောင်မည် ဖြစ်သည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နေရာတွင် သင်းမြတ်နန္ဒာလှိုင်နှင့် ပုသိမ်မှ အခြားတစ်ယောက်အား သြဂုတ် ၆ ရက်တွင် ထုတ်လုပ်မှုအကြံပေး မစ္စစ်ကိတ်ဂျိမ်း(စ်)က အကဲဖြတ်ရွေးချယ်မည် ဖြစ်သည်။

ရိုက်ကူးမှုအတွက် ဆက်တင်များ ဖန်တီးလုပ်ကိုင်ရန် လိုအပ်သည့်အတွက် ဂျာမနီနိုင်ငံမှ Studio နှင့် ထိုင်းနိုင်ငံမှ Studio တို့ကို ကမ်းလှမ်းထားကြောင်း ကော်မတီမှ တာဝန်ရှိသူက ဆိုသည်။