ဗုဒ္ဓဘာသာ၏ အထင်ကရနေရာများကို အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် နိုင်ငံတကာ မီဒီယာများတွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ အမြင်လွဲစေသည့် ရေးသားဖော်ပြချက်များကို ကန့်ကွက်သည့်အနေဖြင့် သြဂုတ် ၆ ရက် က မန္တလေးတွင် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၆၀၀ ခန့် စုဝေးဆန္ဒပြခဲ့ကြသည်။
ထိုဆန္ဒပြပွဲနှင့်ပတ်သက်၍ ယခုလ ၁ ရက်က အာဏာပိုင်များထံ ခွင့်ပြုမိန့်တင်ခဲ့ရာ ခွင့်ပြုချက်မရခဲ့သော်လည်း ယခုဆန္ဒပြပွဲကို ဆက်လက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထိုလှုပ်ရှားမှုတွင် ပါ၀င်သူများက ပြောသည်။
“မြန်မာနိုင်ငံဟာ မေတ္တာတရားကြီးမားတဲ့ ဗုဒ္ဓရဲ့အရိပ်မှာ ခိုလှုံနေကြတာ၊ ခုဆို အကြမ်းဖက်မှုတွေ မြင်နေ ကြားနေရတယ်။ ဒါတွေ ကို ဘုန်းကြီးတို့ စိတ်မကောင်းဘူး။ ဒါကြောင့် ပြည်သူတွေသိအောင်၊ ကမ္ဘာသူ ကမ္ဘာသားတွေသိအောင် ထွက်တာပဲ”ဟု ဆန္ဒပြပွဲတွင် ပါ၀င်သည့် ဆရာတော် ဦးသုစိတ္တက မဇ္ဈိမကို မိန့်သည်။
ထိုဆန္ဒပြပွဲတွင် “ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မျက်နှာစာ”ဟူသည့် ဆောင်းပါးဖော်ပြခဲ့သည့် တိုင်းမ်မဂ္ဂဇင်းကိုလည်း ကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။
ဆန္ဒပြပွဲကို ရဲနှင့်မီးသတ်ဦးရေ ၆၀ ခန့် လုံခြံုရေး ယူပေးထားခဲ့သည်ကိုလည်း တွေ့ရှိရပြီး ထိုသို့ လုံခြံုရေး အများအပြား ရှိနေခြင်းကို ဆန္ဒပြသံဃာနှင့် ပြည်သူအချို့က မကျေလည်ခဲ့ပေ။
ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်ချိုလေးက “သမ္မတကြီးက တရားဝင် ဆန္ဒဖော်ထုတ်ချင်ရင် ခွင့်ပြုမိန့်တင်ပြီး ပြလို့ရတယ် ပြောတယ်။ ဒါကို အာဏာပိုင်တွေက ခွင့်ပြုမပေးဘူး၊ ကျွန်မတို့ သမ္မတကြီး စကားကို နားထောင်ရမလား။ အခုရောက်နေတဲ့ အာဏာပိုင်တွေရဲ့စကားကို နားထောင်ရမှာလား။ ကျွန်မတို့ကတော့ ဆရာတော်တွေရှေ့ကထွက်ရင် နောက်ကလိုက်မှာပဲ”ဟု မဇ္ဈိမကို ပြောသည်။
ဆန္ဒပြပွဲကို ခွင့်ပြုမပေးခဲ့သည့်အပေါ် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက “ကျွန်တော်တို့ ခွင့်ပြုမိန့် မပေးတာကတော့ နိုင်ငံတော်ကကို ဒီတိုင်းမ်မဂ္ဂဇင်းကို တရားဝင် ကန့်ကွက်ထားတယ်။ ဒါအားလုံး သိတယ်။ အခုလိုလုပ်တာမလိုအပ်ပါဘူး။ မလိုအပ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်သွားမှာမို့ ခွင့်မပြုတာပါ”ဟု တုံ့ပြန်ပြောကြားသည်။
ဆန္ဒပြပွဲတွင် ပါ၀င်သည့် သံဃာတော်များနှင့် ပြည်သူများသည် တိုင်းမ်မဂ္ဂဇင်း၊ အကြမ်းဖက်ဗုံးခွဲသူများနှင့် သံဃာတော်များ၏ တရားပွဲများကို လိုက်လံနှောင့်ယှက်သူများကို အလိုမရှိကြောင်း ရတနာပုံသာဘုရားဝိုင်းမှ စတင်ကြွေးကြော် ချီတက်ကြခြင်းဖြစ်ပြီး မန္တလေးမဟာမြတ်မုနိဘုရားကြီး အရောက်တွင် ဆန္ဒပြမှုကို အဆုံးသတ်ခဲ့ကြသည်။