ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များ ရန်ပုံငွေအတွက် ရည်ရွယ်သော “ငြိမ်းချမ်း သံစဉ် မနောအကသဘင်” ဟု အမည်ပေးထားသည့် တေးဂီတနှင့် ပဒေသာကပွဲကို ဩဂုတ် ၉ ရက်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ကိုးကန့်ဓမ္မာရုံတွင် ပြုလုပ်မည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီနာယက ဦးဇော်နိုင်က ပြောသည်။
ယင်းပွဲကို ကချင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကော်မတီက ဦးစီးကျင်းပမည်ဖြစ်ပြီး “အဓိကရည်ရွယ်ချက်ကတော့ ကချင်ပြည်နယ်မှာ လူမှုဒုက္ခကြံုတွေ့နေရတာတွေကို တစ်ဖက်တစ်လမ်းက လူသားချင်းစာနာပြီး အကူအညီပေးချင်လို့ပါပဲ” ဟု ဦးဇော်နိုင်က ဆိုသည်။
ထိုပွဲဖိတ်စာ ၂၀ဝ ကိုလည်း တိုင်းရင်းသားအစုအဖွဲ့များနှင့် လုပ်ငန်းရှင်များထံ ပေးပို့မည်ဟုလည်း သူက ဆက်ပြောသည်။
ဂီတပဒေသာကပွဲတွင် မန္တလေး အနုပညာတက္ကသိုလ်မှ တိုင်းရင်းသားပေါင်းစုံ အက၊ မြစ်ကြီးနားမြို့မှ ဝန်ပေါင်နိမ်ဂျား အကပဒေသာအဖွဲ့၊ မန္တလေးတက္ကသိုလ် ကချင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ကျောင်းသား/သူ ၆၀ ဦးတို့အဖွဲ့တို့က ဖြေဖျော်မည်ဖြစ်ပြီး ဂီတအစီအစဉ်အနေဖြင့် နောနော်၊ အယ်လ်ဆိုင်းဇီ၊ နေနေ၊ အိုင်းရင်းဇင်မာမြင့်၊ ဂျက်ဆန်ထွန်း၊ မာဂရက်၊ အမ်မ်ဆိုင်းနော်၊ နော်နီလရှီး၊ ခေါန်ခေါန် စသည့် အဆိုတော်များ ပါဝင်သီဆိုမည်ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီထံမှ စုံစမ်းရရှိသည်။
ကော်မတီနာယက ဦးဇော်နိုင်က “လိုအပ်ချက်၊ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အကြံဉာဏ်တွေ ပေးကြပါ။ လူမှုဒုက္ခကြံုတွေ့့နေရတဲ့သူတွေကို အားလုံးအကူအညီပေးနိုင်ဖို့ ပါဝင်စေချင်ပါတယ်” ဟုလည်း မေတ္တာရပ်ခံသည်။