ရန်ကုန် အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်က ကရင် ရေဘေးသင့်သူများကို ကူညီမည်

ရန်ကုန် အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်က ကရင် ရေဘေးသင့်သူများကို ကူညီမည်
by -
မဇ္ဈိမ

ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်မှ အဖွဲ့ ၁၅ ခု ကျော်က ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူများအား အခြေခံလူသုံးကုန်နှင့် စားသောက်ပစ္စည်း များကို ဩဂုတ် ၉ ရက်တွင် သွားရောက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပရဟိတ လူငယ်များ ကွန်ရက်များထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ ကူညီပေးခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက်ပရဟိတ လူငယ်များ ကွန်ရက်ဝင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ပုံပြောသူများအဖွဲ့မှ ကိုသန့်ဇင်စိုးက “ကရင်ပြည်နယ်ထဲက ရေကြီးနစ်မြှုပ်တဲ့နေရာတွေကို အကူအညီပေးနိုင်ဖို့အတွက် ကျွန်တော်တို့ လူငယ်ကွန်ရက်အဖွဲ့ဝင်တွေ ကွင်းဆင်းစုံစမ်းနေ ပါပြီ။ ရေဘေးသင့်သူတွေအတွက် အခြေခံ လိုအပ်ချက်တွေကိုကြည့်ပြီး ကူညီပေးသွားကြမှာဖြစ်တယ်” ဟု ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရပြီး ဇူလိုင် ၃၀ ရက်အထိ မီးသတ်ဦးစီး ဌာန မှ ထုတ်ပြန်သော စာရင်း များအရ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့်မြဝတီမြို့နယ်တို့တွင် အိမ်ထောင်စု ၅၉၈၀မှ လူဦးရေ ၃၀၆၉၄ ဦးတို့အတွက် ကယ်ဆယ်ရေးစခန်း ရ၅ ခု ဖွင့်လှစ်ထား
သည်။

ကွန်ရက်အဖွဲ့ဝင်များမှ သွားရောက်ကူညီခြင်းနှင့် ပတ်သက်ပြီး ကွန်ရက် အဖွဲ့ဝင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဖြူစင်ဝေမျှ ပရဟိတ လူငယ်ကွန်ရက်အဖွဲ့မှ မကေသီဟုမ်းပိုင်က “သာမည၊ ကျံူဒိုး၊ ဘားအံ့ တစ်လျှောက် ရေမြုပ်ဆဲနေရာတွေမှာ သွားရောက်ကူညီပေးမှာပါ။ အစားအသောက်နဲ့ ဝမ်းပျက်ဝမ်းလျှော မဖြစ်ဖို့၊ ဆေးဝါးတွေကို ကူညီပေးသွားမယ်။ ကူညီထောက်ပံ့တဲ့ တန်ဘိုးငွေ စုစုပေါင်းဘယ်လောက်ရှိတယ်ဆိုတာကိုတော့  မသိရသေးဘူး” ဟု ရှင်းပြသည်။

ကရင်ပြည်နယ်တွင် ရေးဘေးသင့် ပြည်သူများအတွက် ရန်ကုန်အခြေစိုက် လူငယ်ပရဟိတ ကွန်ရက်များနှင့် ဆက်သွယ်ပြီး လှူဒါန်းလိုပါက ကိုသန့်ဇင်စိုး ပုံပြောသူများအဖွဲ့ ( ဝ၉-၄၂၅၀၁၈၄၇၆)၊ ကိုဉာဏ်လင်းဖြိုး မေတ္တာအလင်းရောင် ပရဟိတအဖွဲ့ (ဝ၉ ၄၃၀၆၇၂၃၈)၊ ကိုတင့်ထူးအောင် Voluntary Internship Program အဖွဲ့ (ဝ၉ ရ၃၀ ၅၅၄၄၁)၊ မမေမြတ်သူ (ဝ၉ ရ၃၀၆၆၅၃၈)၊ မကေသီ ဟုမ်းပိုင်- ဖြူစင်ဝေမျှ ပရဟိတအဖွဲ့ (ဝ၉-၂၄၅ဝ၇၇၁)တို့ကို ဆက်သွယ်လှူဒါန်းနိုင်သည်။

မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးမှုများမှာ ဇူလိုင်လကုန်ပိုင်းကပင် စတင်ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် အချို့ဒေသများ တွင် ရေပြန်ကျနေပြီ ဖြစ်သည်။

Most read this week