ကျိုက်မရောရှိရေဘေးဒုက္ခသည်စခန်းများမှ စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားရ

ကျိုက်မရောရှိရေဘေးဒုက္ခသည်စခန်းများမှ စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားရ
by -
မဇ္ဈိမ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ စာသင်ကျောင်းပေါင်း ၁၈ ကျောင်းမှာ ရေကြီးနစ်မြုပ်နေဆဲဖြစ်သည့် အတွက် ဩဂုတ်လ ၁ ရက်မှ စတင်ကာ ရက် အကန့်အသတ်မရှိ ပိတ်ထားရသည်။

ဇူလိုင် ၃၀ ရက်မှ စတင်ကာ အဆက်မပြတ်ရွာသည့်မိုးကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများ ရေဝင်ရောက်လျက် ရှိနေပြီး ရေပြန်ကျခြင်းမရှိသည့်အတွက် ကျောင်းများ ပိတ်ထားရခြင်းဟု မွန်ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာလှဦးက ပြောသည်။

“ရေပြန်မကျသေးတော့ ကျောင်းပြန် မဖွင့်နိုင်ဘူး။ ရေကတော့ ရေကျရက်လောက်မှာဆိုရင် ပြန်ကျနိုင်တယ် မိုးဆက်မရွာဘူး ဆိုရင်ပေါ့။ ကျောင်းပိတ်ထားတဲ့ရက်တွေကို နောက်ကျောင်းပြန်ဖွင့်ရင် အစား ပြန်ဖွင့်ပေးဖို့ စီစဉ်ရတာပေါ့။ မဟုတ်ရင် တစ်ပတ်လောက်က စာအများကြီး နောက်ကျ သွားမယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးဆက်လက်ရွာသွန်းခြင်းမရှိသော်လည်း ရေပြန်ကျခြင်း မရှိသေးဘဲ အကယ်၍ မိုးဆက်ရွာပါကရေပြန် ကျနိုင်သည့် အနေအထားမရှိကြောင်း ကျိုက်မရောဒေသခံတို့က ဆိုသည်။

“လောလောဆယ်ကတော့ ရေက မကျသေးဘူးပေါ့။ ရေဆုတ်ရက်လောက်မှာ ရေပြန်ကျသွားနိုင်တယ်။ အခုက ရေအတက် ရက်လည်းဖြစ်နေတော့ ရေကမကျဘူး။ မိုးဆက်မရွာဘူးဆိုရင်ပေါ့။ ကျိုက်မရောမှာက ဒီလိုပဲ ရေကြီးပြီးရင်တော်ရုံ ပြန်မကျဘူး။ တစ်ပတ် ၁၀ ရက် အဲဒီလိုကြာတယ် စပါးတွေဆိုရင် သေ၊ နှစ်တိုင်းပဲ” ဟု ကျိုက်မရော မြို့ခံ ဦးညွန့်က ပြောသည်။

ကျိုက်မရောမြို့နယ်တွင် မိုးကြီးခြင်းကြောင့် အတ္ထရံမြစ်လျှံတက်ကာ ကော့ပနော၊ ကော့ဒွန်း၊ ကဒုံစီ၊ မက်ကရို၊ ကွမ်းငန်း၊ နိဒုန်၊ ဝါးပြကုန်းကျေးရွာစသည့် ရွာပေါင်း ၁၀ ရွာခန့် ဩဂုတ်လ ၃၀ ရက်မှစတင်ကာ ရေလွှမ်းမိုးခြင်း ခံထားရသည်။

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်မရောမြို့နယ်အပြင် ဘီးလင်းမြို့နယ်၊ ရေးမြို့နယ်တို့တွင်လည်း ရေနစ်မြုပ်ခဲ့ပြီး ဘီးလင်းတွင် ရေဘေးဒုက္ခသည် စခန်း ၁၈ ခု၊ ရေးတွင် ရေဘေးဒုက္ခသည် စခန်း ၄ ခု ဖွင့်လှစ်ထားခဲ့ရသည်။

Most read this week