သုံးလအတွင်း မြေသိမ်းခံရမှုများ မဖြေရှင်းပါက မြို့နယ်ပေါင်းစုံ ဆန္ဒပြပွဲ လုပ်မည်

သုံးလအတွင်း မြေသိမ်းခံရမှုများ မဖြေရှင်းပါက မြို့နယ်ပေါင်းစုံ ဆန္ဒပြပွဲ လုပ်မည်
by -
မဇ္ဈိမ

မြေသိမ်းခံရမှုများနှင့် ပတ်သက်ပြီး သုံးလအတွင်း ဖြေရှင်းပေးမည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ကတိပြုခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားခြင်းမရှိဘဲ ပြောထားသည့် အချိန်တွင်း လုပ်ဆောင်ပေးခြင်း မရှိပါက မြို့နယ်ပေါင်းစုံ ဆန္ဒပြပွဲကို ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ လယ်သမားများက ဩဂုတ် ၅ ရက်တွင် ပြောသည်။

ဧရာဝတီ တိုင်းဒေသကြီး မော်လမြိုင် ကျွန်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များရှိ လယ်သမားများ ကိုယ်စား လယ်သမား ၃၀ ကျော်က ဩဂုတ် ၅ ရက်က ရန်ကုန်မြို့၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

ဇူလိုင်လအတွင်းက မော်လမြိုင်ကျွန်းမြို့နယ်  အုပ်ချုပ်ရေးမှူးက ထွန်တုံးတိုက်ပွဲများကို  ခေတ္တရပ်ဆိုင်းခိုင်းခဲ့ပြီး “သုံးလအတွင်း ဖြေရှင်းပေးမည်” ဟု ပြောကြားခဲ့သော်လည်း ထူးခြားမှုမရှိပါက လယ်သမား လေးထောင်ကျော်ခန့် စု၍ ဆန္ဒပြသွားမည်ဖြစ်သည်ဟု အဆိုပါ ကိစ္စများကို ကူညီဆောင်ရွက်ပေးသူ စည်းလုံး ညီညွတ်သော တောင်သူ
လယ်သမားများအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်အေး က ပြောသည်။

၎င်းက “လယ်သမား ဦးရေ ၁၀ဝဝ လောက်နဲ့ ဇူလိုင် ၁၅ ရက်က ဆန္ဒပြတယ်။ မထူးခြားရင်တော့ လယ်သမား ၄၀ဝဝ လောက်စုပြီး မြို့နယ်ပေါင်းစုံ ဆန္ဒပြပွဲ ထပ်လုပ်သွားမှာပါ”ဟု ပြောသည်။

လယ်သိမ်းခံ လယ်မြေများ ပြန်ရရေး အတွက် ထွန်တုံးတိုက်ပွဲများကို ယင်းမြို့နယ်များတွင် ပြုလုပ်ခဲ့ရာ ဇူလိုင် ၁၅ရက်တွင် ယင်းမြို့နယ် လေးခုမှ လယ်သမားဦးရေ ၂၀နှင့် သက်ဆိုင်ရာဌာန အသီးသီးတို့က ဆွေးနွေးကာ ထွန်တုံးတိုက်ပွဲများ ခေတ္တရပ်ဆိုင်းထားကာ လယ်သမားများ အမှန်တကယ်ပိုင်ဆိုင်သည့် လယ်မြေများကို ပြန်ပေးမည် ဖြစ်ကြောင်း ကတိပြုပြောခဲ့သည်ဟု လယ်သမားများက ဆိုသည်။

မော်ကျွန်းမြို့နယ်မှ လယ်သမား ဦးဘိုသိန်းက “လယ်သမားတွေကို တရားစွဲထားတာ အများကြီးပါဘဲ။ တရားရုံးကို သွားရတာလည်း လယ်သမားတွေအတွက် အကြိမ်ပေါင်း မနည်းပါဘူး ။ စရိတ်စက ကလည်း အရမ်းကြီးပါတယ်။ရောက်လို့ရှိရင်လည်း သူတို့က အမြဲတမ်း ပြန်ပြန်ချိန်းနေလို့ လယ်သမားတွေလည်း တော်တော်ဒုက္ခ ရောက်ပါတယ်။ လယ်သမားတွေ အားလုံးအနေနဲ့ ကိုယ့်လယ်ကို အမြန်ဆုံး ပြန်လိုချင်ပါတယ်” ဟု ပြောသည်။

ယင်းသို့ ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ခြင်းကြောင့် လယ်သမားများကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇နှင့် သူတစ်ပါး အကျိုးပျက်စီးစေမှု ပုဒ်မ၄၂၇ တို့ဖြင့် တရား စွဲဆိုထားကြောင်းလည်း လယ်သမားများထံမှ သိရသည်။

ယင်းလယ်မြေများကို လယ်သမားများထံမှ ၁၉၉၃ ခုနှစ်ခန့် ဝန်းကျင်ကပင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲသို့ လာရောက်သည့် လယ်သမား ၃၀ ခန့်၏ လယ်မြေ ဧက ငါးရာကျော် ပါဝင်ခဲ့သည်ဟု လယ်သမားများက ဆိုသည်။

စာနယ်ဇင်းပွဲသို့ လာရောက်သည့် လယ်သမားတစ်ဦးကလည်း “ကျွန်တော်တို့ဆို တစ်မိသားစုလုံး တရားစွဲထားခံရတာ။ ကျွန်တော်တို့ လယ်တွေကို ပြန်လိုချင်ပါတယ်။ ကျွန်တော်တို့ ရွာ တစ်ရွာလုံးနီးပါးလည်း တရားစွဲ ခံရတာတွေရော သိမ်းခံရတာတွေရော အများကြီးပါဘဲ” ဟု ပြောသည်။

ယခင် အစိုးရလက်ထက်က စစ်တပ်၊ ဌာနဆိုင်ရာနှင့် ကုမ္ပဏီများက အကြောင်းအမျိုးမျိုးကြောင့် မြေသိမ်းမှုများရှိခဲ့ပြီး လက်ရှိတွင် အသိမ်းခံ လယ်မြေများအတွက် လျော်ကြေး ပြန်ပေးသည်များလည်း ရှိခဲ့သည်။

လယ်မြေ သိမ်းဆည်းမှုကို စုံစမ်းစစ်ဆေးရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဩဂုတ်လဆန်းက ဖွဲ့စည်းပေးခဲ့သည်။

လယ်သိမ်းခံ လယ်သမားများ လယ်မြေ ပြန်ရရန်မှာ ပြည်နယ် အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့ထံတွင်သာ တာဝန်ရှိသည်ဟုလည်း လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် မြေသိမ်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဇူလိုင် ၈ ရက်တွင် လွှတ်တော်၌ ပြောကြားခဲ့သည်။

မြေသိမ်းခံရသော လယ်သမားများနှင့် မြေသိမ်းထားသော ကုမ္ပဏီများအကြား လွှတ်တော် ကော်မရှင်က ကြားဝင် ညှိနှိုင်းပေးမှုကြောင့် လျော်ကြေးရခဲ့သည်များလည်း ရှိပြီး စုစုပေါင်းကျပ် ၆၃ ဘီလီယံအထိ ရခဲ့သည်ဟုလည်းကော်မရှင် ဥက္ကဌက ပြောခဲ့သည်။

အသိမ်းခံသည့် လယ်မြေများနှင့် ပတ်သက်ပြီး ကော်မရှင် ဥက္ကဌ ဦးတင်ထွတ်က စောလျှင်စွာ ဖြေရှင်းပေးရန် အဆို တင်သွင်းခဲ့ရာ ယင်းအဆိုမှာ အောင်မြင်ခဲ့သည်။

Most read this week