စာနယ်ဇင်း မီဒီယာသမားများ ရေးဆွဲထားသော မီဒီယာဥပဒေကြမ်းကို လွှတ်တော်တွင် အတည်ပြုဆွေးနွေး နိုင်ရန်အတွက် မီဒီယာဥပဒေကို ထောက်ခံသော လက်မှတ်များ ကောက်ခံခြင်းကို သြဂုတ် ၄ ရက်က ရန်ကုန်နှင့် အခြားနယ်မြို့များတွင် ပြုလုပ်ခဲ့သည်။
လက်မှတ်များ ကောက်ခံခြင်းကို ရန်ကုန်အခြေစိုက် သတင်းသမားများနှင့် အခြားနယ်မြို့များမှ သတင်းသမား များကကောက်ခံခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင် လှည်းတန်းလမ်းဆုံ၊ မြေနီကုန်း၊ ဆူးလေ၊ တာမွေစျေးနှင့် လူစည်ကားသော နေရာများတွင် သြဂုတ် ၄ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် တစ်ပြိုင်နက် တည်း ကောက်ခံခဲ့သည်ဟု လက်မှတ်ကောက်ခံရာတွင် ပါ၀င်သူ သတင်းထောက် ကိုသူရမျိုးက ပြောသည်။
မီဒီယာဥပဒေကို ထောက်ခံလက်မှတ်ထိုးပေးရာတွင် ကျောင်းသားများ၊ စီးပွားရေးသမားများနှင့် နိုင်ငံရေးသမားများ အများဆုံးပါ၀င်ပြီး ရရှိလာသော ထောက်ခံလက်မှတ်များဖြင့် ပြည်သူ့လွှတ်တော်တွင် ဥပဒေကို အဆိုပြု တင်သွင်းနိုင်အောင် ကြိုးစားသွားမည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက ဆိုသည် “ကျွန်တော်တို့ သတင်းသမားတွေ လွှတ်တော်လေ့လာရေး ခရီးသွားတုန်းက လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး ပြင်ချင်တာတွေ၊ အသစ်ရေးဆွဲချင်တာ တွေရှိရင် တင်ပြနိုင်ကြောင်း ကမ်းလှမ်းထားပါတယ်။ ထောက်ခံလက်မှတ်တွေ ရယူပြီးရင် လွပ်လပ်တဲ့ သတင်းမီဒီယာဥပဒေကို ရရှိအောင်တင်ပြသွားမှာပါ”ဟု ပြောသည်။
လွတ်လပ်သော မီဒီယာဥပဒေ ပေါ်ထွက်လာစေရန် ထောက်ခံလက်မှတ်ထိုးသော ကမာရွတ်မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင် ဦးတင်ထွန်း က “မီဒီယာလွတ်လပ်ခွင့် ရရှိတယ်ဆိုရင် သတင်းသမားတွေအနေနဲ့ မမှန်ကန်တဲ့ သတင်းတွေအတွက် တာဝန်ယူတာတွေ၊ ဖြေရှင်းပေးတာတွေကို သက်ဆိုင်ရာ မီဒီယာတွေအနေနဲ့ရော စာနယ်ဇင်းကောင်စီအနေနဲ့ပါ ဖြေရှင်းပေးဖို့လိုတယ်” ဟု ဆိုသည်။
မီဒီယာဥပဒေကြမ်းတွင် ၀န်ကြီးဌာနက ပြင်စေလိုသည့် အချက် ၁၇ ချက်ရှိပြီး ဥပဒေကြမ်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီတို့ ဇူလိုင် ၂၄ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် စာနယ်ဇင်း သမားများရေးဆွဲသော မီဒီယာဥပဒေကြမ်းနှစ်ခုကြားတွင် ၀န်ကြီးဌာနနှင့် စာနယ်ဇင်းသမားများ သဘောထားကွဲလွဲမှုများ ရှိနေသည်။
လက်မှတ်ကောက်ခံမှုများကို တောင်ကြီး၊ လားရှိုး၊ မကွေး၊ ရခိုင်နယ်မြို့များတွင်လည်း ကောက်ခံခဲ့သည်။