ဓာတ်ဆီရောင်းဝယ်ရာမှ ပြဿနာဖြစ်ပွားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသော လားရှိုးမြို့ အခြေအနေသည် ပြည်လည်တည်ငြိမ်လာ၍ ဇူလိုင် ၂၇ရက်တွင် ကြေညာချက် ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း စီးပွားရေးအခြေအနေမှာမူ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးကြောင်း လားရှိုးမြို့ခံ အရောင်းအဝယ် သမားများက ပြောသည်။
မေ ၂၈ ရက်က ညတွင်းချင်းထုတ်ပြန်ခဲ့သော ကြေညာချက်ကို နှစ်လအကြာ ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် စီးပွားရေးများ သုံးပုံနှစ်ပုံလျော့ကျသွားကြောင်း၊ ပုံမှန်အခြေအနေသို့ရောက်ရှိရန် အနည်းဆုံး သုံးလခန့် စောင့်ဆိုင်း ရဖွယ်ရှိသည်ဟု ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
အနီးအနားမှ ရွာသူရွာသားများကလည်း မြို့ပေါ်မလာရဲကြသေးသဖြင့် ကုန်သည်များ ပစ္စည်းလျှော့မှာ နေရကြောင်း၊ ကုန်စည်စီးဆင်းမှု သိသိသာသာလျော့ကျနေကြောင်း၊ “အနည်းဆုံး သီတင်းကျွတ်မှ ပြန်ရောင်းကောင်းမယ်။ ၀ါကျွတ်ချိန်ဆို အရောင်းအဝယ်ပြန် ကောင်းလာနိုင်မယ်ထင်ရတယ်”ဟု လားရှိုး မြို့မစျေးအတွင်းတွင် ကောဇော၊ မိုးကာ လက်ကားဖြန့်ချိနေသူ ဦးတာက မဇ္ဈိမကို ပြောသည်။
ကုန်သည်တစ်ဦးဖြစ်သူ ဦးချိုကလည်း အရောင်းအဝယ်တွေ တန့်သွားကြောင်း၊ ပဋိပက္ခများ ပြန်လည် ပေါ်ပေါက် လာမည်ကို ဒေသခံများက စိုးရိမ်မှုတွေရှိနေကြကြောင်း၊ ကုန်အမှာကို တစ်ဝက်ခန့်အထိ လျှော့ချမှာယူနေရကြောင်းပြောသည်။
လားရှိုးမြို့တွင် ဒိန်ချဉ်ဖြန့်ဖြူးရောင်းချနေသူ ကိုအောင်မျိုးလင်းက ပုံမှန်နေ့စဉ် ကျပ် ၅၀၀၀၀ ခန့် ရောင်းရ သော်လည်း ယခု ကျပ် ၂၀၀၀၀ ပင် ရောင်းအားမရှိကြောင်း ဆိုသည်။ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် တစ်ဦး နှင့်တစ်ဦး ယုံကြည်မှုရှိရန် အချိန်များစွာ လိုအပ်နေသေးကြောင်း၊ အရောင်းအဝယ်များ ယခင်လို ပြန်လည်စည်ကား ကောင်းမွန်ရန် အချိန်ပေးရမည်ဖြစ်ကြောင်း လားရှိုးဒေသခံ စီးပွားရေးသမား ဦးတာက ပြောသည်။