ပြည်တွင်းတွင် အသုံးပြုရန်အတွက် အင်တာနက်ဆက်ကြောင်းသစ် Sea Me We 5 ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်းတစ်ခုကို ထပ်မံချိတ်ဆက်သွားရန် စီစဉ်ထားရာ ပြီးစီးမှုအတွက် အချိန် နှစ်နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြောသည်။
Sea Me We 5 ဖြင့် ချိတ်ဆက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီဖြစ်သည့် China Unicom နှင့် သဘောတူစာချွန်လွှာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လက်မှတ်ထိုးခဲ့ပြီးဖြစ်သည်။ Sea Me We 5 နှင့် ချိတ်ဆက်မှုကို ငါးလအတွင်း ချိတ်ဆက်သွားမည်ဆိုသောသတင်းများ ထွက်ပေါ်နေမှုမှာ မဟုတ်ကြောင်းလည်း ဦးစိုင်းစောလင်းထွန်းက ပြောသည်။
၎င်းက “နောက်ငါးလနဲ့တော့ ချိတ်ဆက်လို့ မပြီးပါဘူး။ အင်တာနက်ကေဘယ်လ် အသစ် ထပ်မံချိတ်ဆက် ဖို့ဆိုတာ အနည်းဆုံး နှစ်နှစ်လောက်ကြာတယ်။ လောလောဆယ်တော့ Sea Me We 5 ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ MOU (နားလည်မှုစာချွန်လွှာ) ထိုးထားပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက်ဆက်သွယ်မှုအတွက် Cross Border (နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်း)၊ Sea Me We 3 အင်တာနက်ဆက်ကြောင်း၊ INTELAST 9, MEASAT 3, THAICOM 5 ဂြိုဟ်တုစနစ်တို့ကို ချိတ်ဆက် အသုံးပြုနေပြီး Sea Me We 3 ကို အဓိကထားသုံးစွဲနေရခြင်းဖြစ်သည်။
ပြည်တွင်းတွင် လက်ရှိအဓိကထားသုံးစွဲနေရသော ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်းများ ချို့ယွင်းမှုဖြစ် ပေါ်ခဲ့ပါက အစားထိုး အသုံးပြုနိုင်မည့် အင်တာနက်ကေဘယ်လ်ဆက်ကြောင်းတစ်ခုမှာ မဖြစ်မနေ လိုအပ်လာမည်ဟုပြည်တွင်းအိုင်စီတီပညာရှင်များက သုံးသပ်ကြသည်။
အိုင်တီပညာရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက “နောက်ပိုင်း Mobile Banking တွေလုပ်လာမယ်၊ ပြည်ပအော်ပ ရေတာတွေ ၀င်လာမယ်ဆိုရင် အရန်ဖိုင်ဘာဆက်ကြောင်းတစ်ခုက မဖြစ်မနေလိုအပ်လာပြီ။ အင်တာနက် Bandwidth ကတော့ လိုအပ်သလို ၀ယ်ယူနိုင်ဖို့ အဲဒီ Sea Me We 5 ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိပြီးဝယ်လို့ရတယ်”ဟုပြောသည်။
လက်ရှိအသုံးပြုနေသော အာရှ-ဥရောပ ရေအောက်ကေဘယ်လ် Sea Me We 3 ကို နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခု၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံကာ ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာသန်း ၃၀ ခန့် ပါ၀င်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
Sea Me We 3 ကေဘယ်လ်ဆက်ကြောင်းသက်တမ်းမှာ နှစ် ၃၀ ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အသုံးပြုနေ သည်မှာနှစ် ၂၀ ကျော်ကြာမြင့်နေပြီဖြစ်သည်။ ထို့ပြင် ထပ်မံချိတ်ဆက်ရန် ဆောင်ရွက်နေသည့် Sea Me We 5 ကေဘယ်လ်ဆက်ကြောင်းကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံက ချိတ်ဆက် အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါချိတ်ဆက်မှုအတွက် တရုတ်နိုင်ငံမှ China Unicom ကုမ္ပဏီက ကူညီမည်ဖြစ်သည်။