ငါးခိုးဖမ်းသည်ဟု အင်းသူကြီးက စွပ်စွဲကာ တိုင်ကြားခံထားရသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပန်းတနော်မြို့နယ်၊ ခနွဲ့ကဘိုရွာမှ ရေလုပ်သား ၂၇ ဦးသည် ယနေ့နေ့လည်တွင် မြို့နယ်ရဲစခန်းတွင် ကိုယ်တိုင် အဖမ်းခံပွဲပြုလုပ်မည်ဟု ၎င်းတို့ကို ကူညီပေးနေသော ဦးနေမျိုးဇင်က မဇ္ဈိမကို ပြောသည်။
ယခုနှစ်ဆန်းပိုင်းတွင် အဆိုပါ ရေလုပ်သားများကို ငါးခိုးဖမ်းသည်ဟု စွပ်စွဲပြီး အင်းသူကြီး ဦးကြင်ငြိမ်းက ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး ဧပြီလအတွင်းက ဦးနေမျိုးဇင်မှ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် အမှုပိတ်သိမ်းပေးခဲ့သည်။
သို့သော် ယခုလဆန်းတွင် ခနွဲ့ကဘို ရဲစခန်းမှရဲများက ရေလုပ်သားများကို လာဖမ်းသောကြောင့် အခြား ရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု သူက ရှင်းပြသည်။
ထိုဒေသရှိ ရဲများမှာ အင်းသူကြီး၏ အမိန့်ကို မလွန်ဆန်နိုင်သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဦးနေ မျိုးဇင်က စွပ်စွဲပြောဆိုလိုက်ပြီး ဒေသတွင်း တရားဥပဒေစိုးမိုးမှု အခြေအနေမှန်ကို မှတ်ကျောက်တင်လို သောကြာင့် ရဲများ လိုက်လံရှာဖွေ ဖမ်းဆီးသည်ကို ရှောင်ပြေးနေရသော ရေလုပ်သား ၂၇ ဦးက အခမ်း အနားဖြင့် လူထုရှေ့၌ ရဲစခန်းတွင် အဖမ်းခံပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“တစ်ကယ် ၀ရမ်းထုတ်ထားရင် ဖမ်းပေါ့ဗျာ။ မလိုသြဇာသုံးထားရင်တော့ သူတို့ ဘယ်လိုတုံ့ပြန်မလဲ သိရမှာပေါ့။ အကြောင်းမဲ့ ၀ရမ်းထုတ်ပြီး ထင်သလို လုပ်နေတာပဲဗျာ”ဟု သူက ဆက်ပြောသည်။
၀ရမ်းထုတ်ခံထားရသည့် ရေလုပ်သားတစ်ဦးဖြစ်သူ ကိုဝင်းခိုင်က “ကျွန်တော်တို့ကလည်း စားဝတ်နေရေး မပြေလည်တော့ ထပ်ပြီးတော့လည်း မရှောင်နိုင်တော့ဘူး။ အဲဒါကြောင့် ဒီ ၂၇ ယောက်လုံး တိုင်ပင်ပြီးတော့ ရဲစခန်းမှာ တက်ပြီး အဖမ်းခံကြမှာပါ။ သူတို့ ဘာလုပ်မယ်ဆိုတာတော့ မနက်ဖြန်မှ အဖြေပေါ်မှာ ပေါ့”ဟု ဆိုသည်။
ကိုဝင်းခိုင်၏ အဆိုအရ အဖမ်းခံမည့် ရေလုပ်သား၂၇ ဦးတွင် အသက် ၆၀ ကျော် အဖိုး၊ အဘွားများလည်း ပါ၀င်သည်ဟု သိရသည်။ ဧရာဝတီတိုင်းတွင် အင်းသူကြီးများနှင့် ရေလုပ်သားများအကြား ပဋိပက္ခများ သည် ၂၀၁၂ ခုနှစ်နှင့် ယခုနှစ်အတွင်း မကြာခဏ ဖြစ်ပွားမှုများ ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာ နှောင်းပိုင်းက ကျံုပျော်မြို့နယ်ရှိ ရှားခဲအင်း လေလံချထားပေးသည့် ကိစ္စကိုဒေသခံရေလုပ်သားများက မကျေနပ်သဖြင့် ဆန္ဒပြကြရာ ထိုကိစ္စကိုတားဆီးသည့်ရဲများနှင့် ထိပ် တိုက်တွေ့ပြီး ဒေသခံသုံးဦး သေဆုံးခဲ့ရဖူးသည်။
အင်းသူကြီးများနှင့် ရေလုပ်သားများ ပြဿနာဖြစ်ပွားရခြင်းမှာ “သက်ဆိုင်ရာ ငါးဦးစီးမှူးတွေက အင်းလေ လံကြေးတွေကို ရေလုပ်သားတွေ မတတ်နိုင်တဲ့ စျေးနှုန်းတွေနဲ့ ရောင်းချကြတယ်။ ရေလုပ်သားတွေက မတတ်နိုင်တဲ့စျေးနှုန်းဖြစ်နေတဲ့အတွက် အင်းတွေထဲမှာ ငါးတွေ ခိုးဖမ်းကြတယ်။ ဒါကြောင့် အင်းတွေမှာ ရေလုပ်သားတွေနဲ့ အင်းသူကြီးတွေ ပဋိပက္ခတွေ ဖြစ်ပေါ်လာရတာပါ”ဟု ပန်းတနော်မြို့နယ် တောင်သူ လယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးမောင်ငြိမ်းက ပြော သည်။
ထိုကိစ္စများအပေါ် မအူပင်မြို့၊ နန်းစိုက်ကျေးရွာမှ အင်းသူကြီး ဦးအောင်ကျော်မိုးကလည်း သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများက ဖြေရှင်းနည်း မမှန်သောကြောင့် ပြဿနာများ ဖြစ်ရသည်ဟု သုံးသပ်သည်။
၎င်းက “ရေလုပ်သားတွေက ငါးဖမ်းတဲ့နေရာတွေမရှိရင် ရှိတဲ့နေရာမှာ ဆင်းဖမ်းကြမှာပဲ။ စားစရာမရှိရင် ဘာမဆို လုပ်ကြတော့မှာပဲလေ။ အင်းသူကြီးတွေဘက်ကလည်း သိန်းကို ရာချီပြီး ပေးထားရတာဖြစ်တဲ့အတွက် ငါးဖမ်းတာကို မခံနိုင်ဘူးပေါ့။ ရေလုပ်သားတွေကို အစားထိုးအလုပ်တွေ ရှာပေးတာပဲ ဖြစ်ဖြစ်၊ ဘုံဖမ်းခွင့်နေရာဖြစ်ဖြစ် ပေးသင့်တယ်”ဟု မှတ်ချက်ပြုသည်။