လားရှိုးမြို့တွင် ပုဒ်မ၁၄၄ ပြန်လည်ရုပ်သိမ်း

လားရှိုးမြို့တွင် ပုဒ်မ၁၄၄ ပြန်လည်ရုပ်သိမ်း
by -
မဇ္ဈိမ

လားရှိုးမြို့တွင် ယခုနှစ် မေလက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထုတ်ပြန်ခဲ့သော ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇူလိုင်လ ၂၇ ရက် ညနေက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

“တစ်မြို့လုံးကို ရုပ်သိမ်းပေးလိုက်တာပါ။ ကျွန်တော်တို့ မနေ့ညက ထုတ်ပြန်ပါတယ်။ မော်တော်ယာဉ်နဲ့ လိုက်ပြီး အသိပေးပါတယ်”ဟု ဦးဝေလင်းက ပြောသည်။

လားရှိုးမြို့တွင် ည ၁၀ နာရီမှ နံနက် ၃ နာရီအတွင်း မထွက်ရအမိန့် ရုပ်သိမ်းမှုကို ဇူလိုင်လ ၂၇ ရက် ညနေ ၆ နာရီက လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ ရုပ်သိမ်းကြောင်းကို မော်တော်ယာဉ်များဖြင့် လိုက်လံကြေညာပေးခဲ့ပြီး တချို့ ရပ်ကွက်များတွင်တော့ လိုက်လံ ကြေညာပေးခြင်း မရှိဘဲ ရပ်ကွက်ရုံးများရှေ့တွင်
ကြေညာဆိုင်းဘုတ်ထောင်ကာ အသိပေးထားကြောင်း လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်မှ ကိုခွန်ဇော်ဦးက ပြောသည်။

လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်က အမှတ် ၁၂ ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးအား ဓာတ်ဆီလောင်းကာ မီးဖြင့်ရှို့ရာမှ ပဋိပက္ခများဖြစ်ပွားခဲ့ကာ ဗလီအပါအဝင်၊ အစ္စလာမ်မိဘမဲ့ကျောင်းနှင့် စျေးဆိုင်ခန်းများ မီးရှို့ခံခဲ့ရသည်။ ထိုနေ့တွင်ပင် ပုဒ်မ ၁၄၄ ကို ချက်ချင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လားရှိုးမြို့တွင် မေလ ၂၉ ရက်၌လည်း ဆူပူအကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။

အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့သူအား လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက်တွင် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှုတွင် ပါ၀င်ပတ်သက်သူ လားရှိုးမြို့ခံ ၆၀ ဦးကို လားရှိုးမြို့ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၂၉ ဦးအား ဇွန်လထဲတွင် တရားစွဲဆိုခဲ့သည်။