မြန်မာနိုင်ငံသားလည်း ဖြစ်ကာ ထိုင်းနိုင်ငံသား အသိအမှတ်ပြု မှတ်ပုံတင်လည်း ကိုင်ဆောင်ထားသည့် တာချီလိတ် မြို့နယ်နေ နမ့်ပုံ ပြည်သူ့စစ် ခေါင်းဆောင် ဦးယိဆေးအား ဖမ်းဆီးနိုင်ပါက ဆုငွေ ထိုင်းဘတ် ၅ သန်းအထိ တိုးမြှင့်လိုက်ကြောင်း ထိုင်းသတင်း မီဒီယာများ၌ ဖော်ပြကြသည်။
ထိုင်း မူးယစ် ဗဟိုအဖွဲ့၏ ထုတ်ပြန်ထားသည့် အလိုရှိသည့် ရာဇဝတ်ကောင်များ စာရင်း၌ ဦးယိဆေးအား ယခင်က ဆုငွေ ဘတ် ၁ သန်း သတ်မှတ်ထားခဲ့ရာမှ ထပ်မံ တိုးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုသို့ ဆုငွေ တိုးရခြင်းမှာလည်း ထိုင်းနိုင်ငံ၌ မြောက်ပိုင်း၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး တရားခံများကို ဖမ်းဆီး စစ်ဆေးခဲ့ပြီး အများစုမှာ ဦးယီဆေး လမ်းကြောင်းမှ တဆင့် သယ်ဆောင် လာကြခြင်း ဖြစ်သည်ဟု ထွက်ဆိုကြသည်ဟု ချင်းရိုင် ခရိုင် အခြေစိုက် အမည် မဖော်လိုသည့် ထိုင်းတပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး တဦးက မဇ္စျိမကို ပြောသည်။
“ဒီဘက် (ထိုင်းဘက်) ကို မူးယစ်ဆေးဝါးတွေ တင်ပို့နေတာ အများစုက ဦးယီဆေးနဲ့ ဆက်စပ်တာပဲ များတယ်။ ဖမ်းမိတဲ့ လူတွေကို စစ်ဆေးရမိသလောက် အဲလို ထွက်ဆိုကြတာ များတယ်။ ဦးယီဆေး ဘက်ကတော့ သူမဟုတ်ဘူးလို့ ငြင်းနေတာမျိုးလည်း ရှိပါတယ်။ သူ့အနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ပတ်သက်မှု မရှိဘူးလို့ ဆိုလို့ ရှိရင် ကျနော်တို့ ထိုင်းနိုင်ငံကို ပြန်လာပြီး တရားရင်ဆိုင်ပါလား” ဟု ပြောကြားသည်။
ဇွန်လ နှောင်းပိုင်းက ထိုင်းနိုင်ငံ အယုဒယ မြို့၌ စိတ်ကြွဆေးပြားပေါင်း ၅ သိန်း ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်း ယခုလ ရ ရက်နေ့တွင် ထိုင်းဘက်မှ ယခုကဲ့သို့ ဆုငွေကို တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် ပိုစ့်တူဒေး အင်တာနက် စာမျက်နှာ၌ ဖော်ပြ ရေးသားထားသည်။
ဇူလိုင်လ ၂၅ ရက်နေ့၌ ထိုင်းနိုင်ငံ၊ချင်းရိုင်မြို့၌ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးခဲ့သည့် ၆၇ ကြိမ်မြောက် ထိုင်း-မြန်မာ နယ်ခြား ကော်မီတီ အစည်းအဝေး၌လည်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားမဝင်ရောင်းဝယ် ဖောက်ကားမှုများကို ဖမ်းဆီး ကိုင်တွယ်မှုများ ရှိနေသော်လည်း ထိုင်းနိုင်ငံ မြောက်ပိုင်းမှ တဆင့် မူးယစ်ဆေးဝါးများ ဝင်ရောက်ကာ ထိုင်းအလယ်ပိုင်း မြို့တော် ဒေသများသို့ ရောက်ရှိ နေမှုများကို တင်ပြ ဆွေးနွေး ခဲ့သည်ဟုလည်း ချင်းမိုင်ခရိုင် အမှတ်(၃) နယ်မြေ သတင်းနှင့် ပြန်ကြားရေး စာမျက်နှာ၌ ထုတ်ပြန် ရေးသားထားသည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများနှင့် ဦးယိဆေးတို့ ဆက်စပ်နေသည်ဟု ထိုင်းဘက်မှ စွပ်စွဲပြောဆို နေသော်လည်း လက်ဆုပ်လက်ကိုင် ပြနိုင်ခြင်း မရှိသေးသည့် အလားတူ ဦးယိဆေး ဘက်မှလည်း ပတ်သက်မှု မရှိကြောင်း လိုအပ်လျှင် မြန်မာနယ်မြေ တွင်း၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်အထိ ပြောကြားခဲ့ဖူးကြောင်း ရှမ်း မူးယစ်စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဦးခွန်ဆိုင်း က ပြောသည်။
“ကျနော် ကိုယ်တိုင် သူ့ကို မေးမြန်းတာ သူပြန်ပြောတာက သူကိုယ်တိုင် မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူး။ ထိုင်းဘက်က ဆုငွေ ထုတ်တာဟာ မတရားဘူး။ ဖြေရှင်းဖို့ အမြဲတမ်း အဆင်သင့် ရှိတယ်။ သူကိုယ်တိုင် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့အထိ အစီအစဉ် ရှိတယ်လို့ အဲလောက်အထိ သူ ပြောတယ်” ဟု ဦးခွန်ဆိုင်း က မဇ္စျိမကို ပြောသည်။
ဦးယိဆေးမှာ ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ထိုင်းနှင့် မြန်မာနိုင်ငံသို့ အပြန်အလှန် သွားရောက် နေထိုင် နေပြီး ၂၀၀၃ ခုနှစ်၌ ထိုင်းအာဏာပိုင်များမှ ချင်းမိုင်မြို့ရှိ ၎င်း၏ နေအိမ်အား သိမ်းဆည်းလိုက်ပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထပ်မံ သွားရောက်ခြင်း မရှိတော့ပေ။
ဦးယိဆေးသည် ကျိုင်းတုံ နယ်သား လားဟူ လူမျိုး ဖြစ်ကာ အသက် ၆၇ နှစ် ရှိပြီ ဖြစ်ကာ ခရစ်ယာန် သင်းအုပ်ဆရာ မျိုးရိုး ဖြစ်သည်။
၎င်းအား ထိုင်းဘက်မှ ဒုတိယ ဗိုလ်မှူးကြီးဟု ခေါ်ဆို သုံးစွဲနေခြင်းမှာ ဘိန်းဘုရင် ခွန်ဆာ ဦးဆောင်သည့် MTA (Mang Tai Army) ၌ တာဝန် ထမ်းဆောင်စဉ်၌ ရရှိခဲ့သော ရာထူး ဖြစ်၍ ယခုအထိ ခေါ်ဝေါ် သုံးစွဲနေကြခြင်း ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် ခွန်ဆာတို့ နားလည်မှုရကာ လက်နက်ချခဲ့ပြီးနောက် ဒုတိယ ဗိုလ်မှူးကြီး ယိဆေးမှာ တာချီလိတ် အနောက်မြောက်ဘက်ရှိ နမ့်ပုံ (ရေပူစမ်း) ကျေးရွာ၌ ပြည်သူ့စစ် ခေါင်းဆောင်အဖြစ် နေထိုင်ခဲ့သည်။ ၎င်းချိန်မှ စ၍ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဦးယိဆေး နာမည်ကျော်ကြား ခဲ့သည်မှာ ယခု အချိန် အထိပင် ဖြစ်သည်။