မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပြီးနောက်ပိုင်း အကျဉ်းသားများကို ၁၀ ကြိမ်တိုင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်း နိုင်ငံရေးအကျဉ်းသား အများအပြား ကျန်ရှိနေသေးခြင်း၊ လွတ်ငြိမ်းခွင့်ပေးသည့် နိုင်/ကျဉ်းများကိုလည်း တကွဲတပြားစီ လွှတ်ပေးနေခြင်းတို့သည် အမျိုးသား ပြန် လည်ရင်ကြားစေ့ရေးအတွက် ယုံကြည်မှု အားနည်းစေသည်ဟု SNLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ဝေဖန်သည်။
“လွှတ်နေတဲ့လုပ်ငန်းစဉ်ကိုက မျှော်လင့်ချက်ပေးသလိုလို၊ အပေးအယူလုပ်သလိုလို လုပ်နေတာ။ နိုင်ငံခြားက လူတွေ ၀င်လာပြီဆိုရင်ဖြစ်ဖြစ်၊ သမ္မတကြီး နိုင်ငံခြားခရီးစဉ် သွားတာပဲဖြစ်ဖြစ်၊ သူပြန်လာရင်ပဲ ဖြစ်ဖြစ် အဲဒီအချိန်ဆို နိုင်/ကျဉ်းတွေကို ပြန်လွှတ်လိုက်တယ်။ ဒီလိုလုပ်နေတာတွေက ရိုးသားပွင့်လင်းမှု မရှိဘူးလို့ မြင်တယ်။” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလိတ်က ထောက်ပြသည်။
နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် ၀န်ကြီးဦးစိုးသိန်း ခေါင်းဆောင်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်း များမှ ထင်ရှားသူများပါ၀င်သည့် နိုင်/ကျဉ်း စိစစ်ရေးကော်မတီကို ယခုနှစ် ဖေဖော်ဝါရီတွင် အစိုးရက ဖွဲ့ပေးခဲ့ပြီး မတ်လတွင် အဖွဲ့ဝင်ပင် ထပ်မံ တိုးချဲ့ခဲ့သေးသည်။
သို့သော် ငါးလကြာသည်အထိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေဆဲဖြစ်သဖြင့် အစိုးရကို ဝေဖန်မှုများ ရှိနေသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ၀ါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း “နှစ်ကုန်တွေ၊ ခေတ်ကုန်တွေ လေကုန်ခံမနေနဲ့။ လွတ်ငြိမ်းချမ်းသာခွင့်စစ်စစ် ကြေညာ”ဟု ပါတီစာစောင်တွင် ရေးသားပြီး သမ္မတဦးသိန်းစိန်က ဗြိတိန်ခရီးစဉ်တွင် ပြောကြားခဲ့သည့် ယခုနှစ်ကုန်တွင် နိုင်/ ကျဉ်းများ အားလုံး လွှတ်မည်ဆိုသည့် ပြောစကားကိုဝေဖန်ထားသေးသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၏ စာရင်းဇယားများအရ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားဦးရေ ၁၀၀ ကျော် ကျန်နေသေးသည်ကို လေ့လာတွေ့ရှိရသည်။
ယခု နောက်ဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် မပေးမီတွင် လွှတ်ပေးရမည့် နိုင်/ ကျဉ်း ၂၀၃ ဦးရှိကြောင်း အစိုးရက ဖွဲ့ပေးထားသည့် နိုင်/ကျဉ်းစိစစ်ရေးကော်မတီက မဇ္ဈိမကို အတည်ပြု ပြောကြားခဲ့ဖူးသည်။
ယင်းလွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွင် နိုင်/ကျဉ်း ၆၈ ဦး လွတ်မြောက်သဖြင့် အကျဉ်းထောင်များထဲတွင် စုစုပေါင်း ၁၃၅ ဦး ကျန်ရှိဦးမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ အဆိုအရ နိုင်/ကျဉ်းများ လွတ်မြောက်ရေးအတွက် စာရင်းပြုစုရာတွင် အစိုးရဌာနများဘက်မှ အကူအညီမရသဖြင့် စာရင်းအတိအကျရရန် အလွန် အခက်အခဲရှိသည်ဟု ပြောကြားသည်။
နိုင်/ကျဉ်းဟောင်းအဖွဲ့မှ ဦးရဲအောင်က “အစိုးရဘက်က သူတို့ရှိတဲ့ စာရင်းတွေကို ထုတ်ပေးမယ်ဆိုရင်တော့
နိုင်/ကျဉ်း ဘယ်လောက်ဆိုတာ အတိအကျဖြစ်လာပြီး လွှတ်ဖို့ အလားအလာတွေလည်း နီးစပ် လာမှာပါ”ဟု ပြောသည်။