တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ပင်လုံစိတ်ဓာတ်ဖြစ်သည့် သစ္စာရှိမှု၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုတို့ တိုင်းရင်းသားများကြား ထားရှိကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၂၂ ရက်တွင်ပြုလုပ် သည့် ဝါရင့်နိုင်ငံရေးခေါင်းဆောင်များအား ဂါရဝပြုပွဲတွင် တိုက်တွန်းလိုက်သည်။
“ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေး တကယ်ရဖို့ ပင်လုံစိတ်ဓါတ်ဆိုတာ ရှိရမယ်” ဟု ရန်ကုန်မြို့တော်ဝင် နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောသွားသည်။
ပင်လုံစာချုပ်နှင့် ပင်လုံစိတ်ဓာတ်ဆိုသည်ကို ရှင်းလင်းသွားပြီး ပင်လုံစာချုပ် ချုပ်ဆိုစဉ်က စိတ်ဓာတ်မျိုး တိုင်းရင်းသားအားလုံးတွင် ထားရှိရန် သူက တိုက်တွန်းသွားခြင်းဖြစ်သည်။
“အဓိက က စိတ်ဓါတ်ကို ဆိုလိုချင်တာပါ၊ ညီလာခံနဲ့စာချုပ်ကိုဆိုလိုချင်တာ မဟုတ်ပါဘူး၊ တစ်ဦးပေါ်တစ်ဦး တစ်ယောက်ပေါ် တစ်ယောက် ယုံယုံကြည်ကြည်နဲ့ သစ္စာထားမယ်ဆိုပြီး ချုပ်လိုက်တဲ့စာချုပ်ပါ၊ အဲ့လို တစ်ဦးနဲ့တစ်ဦး ယုံကြည်မယ် တစ်ယောက်နဲ့ တစ်ယောက် သစ္စာထားမယ်ဆိုတဲ့ စိတ်ဓာတ်က ပင်လုံစိတ်ဓာတ်ကို အခြေခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အလားတူပင် နိုင်ငံတကာက လေးစားသည့် နိုင်ငံသူနိုင်ငံသားများဖြစ်လာရန် တိုက်တွန်းသွားခဲ့ပြီး “ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ ထူထောင်ဖို့ဆိုတာဟာ ပထမဆုံး ကျွန်မတို့ ပြည်သူပြည်သားများဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရပါမယ်” ဟုလည်း ပြောသွားခဲ့သည်။
ဝါရင့်နိုင်ငံရေးခေါင်းဆောင်များကို ဂါရဝပြုပွဲသို့တက်ရောက်လာသည့် ရှမ်းသမိုင်း ပညာရှင် နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ဦးစိုင်းအောင်ထွန်းကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ပင်လုံစိတ်ဓာတ်ကို ပြန်လည်အသက်သွင်းရန် လိုအပ်မည်ဟု ပြောဆိုသည်။
ဂါရဝပြုပွဲသို့ တက်ရောက်လာသည့် ကချင်ပြည်နယ်မှ နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်အင်ဖန်းဂျာရာ ကလည်း ထာဝရငြိမ်းချမ်းရေးအတွက် လူငယ်များ ကြိုးပမ်းကြရန် တိုက်တွန်းသွားခဲ့သည်။
“ဒီနေ့ထိ ကျွန်မတို့ တိုက်ခိုက်နေရတယ်၊ ကိုယ့်အချင်းချင်းပဲ တိုက်နေရတယ်၊ သမ္မတကြီးပြောတဲ့ ထာဝရငြိမ်းချမ်းရေးအတွက်ကို လက်တွေ့လုပ်ရမယ်ဆိုရင် ကျွန်မတို့တွေ၊ လက်ရှိလူငယ်တွေ အကောင်အထည်ဖော်မယ်” ဟု ပြောသည်။
ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကချင်၊ ချင်း၊ ရှမ်း
တိုင်းရင်းသားခေါင်းဆောင်တို့က တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေးရရှိရန် လက်မှတ်ထိုးခဲ့ကြသည်။