အစိုးရ၏ လုပ်ဆောင်မှု ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ရန်ကုန်မြို့တွင် အာဇာနည်ဗိမာန်၌ ကျင်းပရန် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သည့် ကော်မတီမှ စီစဉ်ဆောင်ရွက်သည်။ အာဇာနည်များ၏ ကျန်ရစ်သူ မိသားစုများနှင့် တွေ့ဆုံနှုတ်ဆက် အားပေးဂုဏ်ပြုသော အစီအစဉ်ကိုလည်း ထည့်သွင်းစီစဉ်ထားသည်။
လုံခြံုရေး တင်းကျပ်
လုံခြံုရေးကို အထူးအလေးပေး ဆောင်ရွက်သွားရန် လိုကြောင်းလည်း ဒုသမ္မတက ပြောကြားထားသည်။
လာရောက် ဂါရဝပြုမည့်သူများမှာ သာမန်အရပ်သား လုပ်သားပြည်သူများနှင့် ကျောင်းသားကျောင်းသူ များအပြင် နိုင်ငံရေးပါတီ၊ လူမှုရေး၊ စီးပွားရေးအသင်းအဖွဲ့၊ နိုင်ငံခြားသံတမန်အဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများလည်း လာရောက်မည့်ဖြစ်သည့် အတွက် နိုင်ငံ၏ အခြေအနေအရပ်ရပ်အရ လုံခြံုရေးတင်းကျပ်ရန် ဇူလိုင် ၁၅ ကပြုလုပ်သည့် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဒု-သမ္မတက ပြောဆိုထားသည်။
လျှပ်စစ်ပစ္စည်းအချို့နှင့် လက်ကိုင်အိတ်ယူခွင့် မပြု
အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုသည့် ပြည်သူများ လျှပ်စစ်ပစ္စည်းများဖြစ်သည့် လက်ကိုင်ဖုန်းအမျိုးမျိုး၊ ကင်မရာ အမျိုးမျိုးနှင့် လက်ကိုင်အိတ်အမျိုးတို့အပြင် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း အမျိုးမျိုးတို့ကို ယူဆောင်ခွင့်ပြုမည်မဟုတ်သကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်သည့် ပြည်သူများကိုလည်း ယင်းပစ္စည်းများယူဆောင် ခွင့်ပြုမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မိန့်ခွန်း ထုတ်လွှင့်မည်
၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ က မြို့တော်ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့် မိန့်ခွန်းကိုလည်း နိုင်ငံပိုင် ရုပ်သံနှင့်ရေဒီယိုတို့တွင် ပြန်လည်ထုတ်လွှင့်ပေးမည် ဖြစ်သည်။ ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားကိုလည်း နိုင်ငံပိုင်ရုပ်သံတွင် တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ်သည်။
သက်ဆိုင်ရာ လမ်းတချို့ကို ၂၄ နာရီပိတ်ထားမည်
အာဇာနည်ဗိမာန်နှင့် ဆက်စပ်လမ်း အချို့ဖြစ်သည့် ဦးဝိစာရလမ်းနှင့် အနောက် ရွှေဂုံတိုင်လမ်းဆုံရာမှ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း၊ အနောက်ရွှေဂုံတိုင် (၁) လမ်း ထိပ်ထိ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်းရွှေတိဂုံဘုရား အရှေ့မုခ် စောင်းတန်းအထိ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန်သို့တက်ရောက်ရာ အုတ်လှေကားလမ်းနှင့် ကျောက်ဆည်ဓမ္မာရုံဘေးလမ်းကြားများကို ဇူလိုင် ၁၈ ည ၆ နာရီမှ ဇူလိုင် ၁၉ ည ၆ နာရီအထိ ၂၄ နာရီကြာ ပိတ်ထားမည်ဖြစ်သည်။
လူမှုအဖွဲ့အစည်းများ ပြုလုပ်မည့် အာဇာနည်နေ့
၆၆ နှစ်မြောက် အာဇာနည်နေ့တွင် ကဗျာချစ်သူများအသင်း အပါအဝင် Peace machine၊ Pray for Myanmar၊ Mizzima youth networkနှင့် ပန်းရဲ့လမ်းအဖွဲ့များက ရန်ကုန်မြို့ ဝန်ကြီးများရုံးရှေ့တွင် အလေးပြုမည်ဖြစ်သည်။ ဆုတောင်း အလေးပြုခြင်း၊ သရုပ်ပြအနုပညာ တင်ဆက်မှုများဖြင့် တင်ဆက်ပြသကြမည်။
Pary For Myanmar
လူမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် Pray For Myanmar မှ အဖွဲ့ဝင် ဦးသန့်ဇင်ထွေးက “ကျွန်တော်တို့အဖွဲ့က ဝန်ကြီးများရုံးရှေ့မှာ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ အလေးပြုမယ်။ အာဇာနည် ခေါင်းဆောင်ပုံတွေရဲ့ရှေ့မှာ ပန်းခြင်းထားမယ်။ တချို့က ကဗျာရွတ်မယ် ပြည်သူတွေကိုလည်း ကဗျာတွေဝေမယ်။ နှင်းဆီပန်းတစ်ပွင့်စီပေးမယ်” ဟု ပြောသည်။
Generation Wave
“အာဇာနည်နေ့မှာ ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ စုဝေးပြီး အာဇာနည်ကုန်းကိုချီတက်ပြီ လွမ်းသူ့ပန်းခွေ ချမယ်” Generation Wave ဥက္ကဋ္ဌ ကိုမိုဃ်းသွေး က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD)
ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ပါတီရုံးချုပ်တွင် နံနက်ငါးနာရီခွဲ၌ သံဃာတော်များကို အာရုဏ်ဆွမ်း ကပ်လှူမည်ဖြစ်ပြီး ၁၀နာရီခွဲတွင် ဥဩဆွဲပြီး ပါတီဝင်များနှင့် ပြည်သူများ စုပေါင်းအလေးပြုမည်ဖြစ်သည်။ ပါတီ၏ ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်လည်း အာဇာနည်ဗိမာန်သို့ သွားရောက်ကာ လွမ်းသူ့ပန်းခွေချမည်ဖြစ်သည်။
“ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လုံးဝမေ့လျော့သွားမှာ မဟုတ်ပါဘူး၊ အာဇာနည်ကုန်းကိုတော့ အလေးပြုဖို့ NLD ဗဟိုကော်မတီဝင်ထဲက သုံးဦးသွားလိမ့်မယ််” ဟု NLD ပါတီဗဟို ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကမူ အာဇာနည်နေ့အတွက် သီးသန့် အစီအစဉ်မရှိသော်လည်း ဗိုလ်ချုပ်ဖြစ်ချင်သည့် ဆန္ဒများကို ဖြည့်ဆည်းပေးရန် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုအောင်က ပြောသည်။
“တိုင်းရင်းသား ပြည်သူတွေဟာ ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းခဲ့တဲ့ တန်းတူအခွင့်အရေးရရှိရေးကို ကောင်းစွာ မခံစားရပါဘူး။ ခုနောက်ပိုင်းကာလမှာ ဗိုလ်ချုပ်ကို လေးစားတယ်ဆိုရင် ဗိုလ်ချုပ်ကြိုးပမ်းခဲ့တဲ့ တန်းတူညီမျှရေးပြည်ထောင်စုစစ်စစ်ဖြစ်ရေးကို ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်််” ဟု ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ
အာဇာနည်နေ့အခမ်းအနားကို ပါတီရုံးချုပ်တွင် ကျင်းပခြင်းမရှိသော်လည်း အာဇာနည်ဗိမာန်သို့ ပါတီဗဟို၏ ဒုဥက္ကဋ္ဌဖြစ်သူ သူရဦးအေးမြင့် အပါအဝင် ဗဟိုကော်မတီဝင် ငါးဦး သွားရောက်ဂါရဝပြုမည်ဖြစ်သည်။
“ရပ်ကွက်တိုင်းမှာရှိတဲ့ ပါတီရုံးခွဲတွေမှာတော့ အာဇာနည်နေ့မှာ တခြားနိုင်ငံရေး ပါတီတွေ၊ မြို့နယ်ထဲက ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး အခမ်းအနားတွေ လုပ်ချင်ရင်လုပ်ဖို့ မနှစ်ကတည်းက ဗဟိုကော်မတီက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာရှိပါတယ်််”ဟု ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးတင့်ဇော်က ပြောသည်။
နယ်ဘက်တွင် ပြုလုပ်မည့် အာဇာနည်နေ့အခြေအနေ
မန္တလေး
မန္တလေးတွင်လည်း အာဇာနည်နေ့ အခမ်းအနားများကို ကျင်းပမည်ဖြစ်ပြီး၊ အာဇာနည်နေ့အကြိုအခမ်း အနားကို မဟာအောင်မြေမြို့နယ်တွင် ဖွင့်လှစ်ထားသည့် စံဟိန်း ကိုယ်ပိုင်အထက်တန်း ကျောင်တွင် ဇူလိုင်လ ၁၈ ရက်ကပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပန်တျာ ဒေါ်ဌေးဌေးမြင့်၊ ဆရာမကြီး ဒေါ်မေချိုနှင့် ဦးမြတ်ဝင်းတို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများကို ဟောပြောခဲ့ပြီး ကျောင်းသူ/ကျောင်းသား ၁၄၀ဝ ကျော် တက်ရောက်ခဲ့သည်။
တောင်ကြီး
တောင်ကြီးတွင် အာဇာနည်နေ့ အထိမ်းအမှတ် စီတန်းလမ်းလျှောက်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို အလေးပြု လွမ်းသူ့ပန်းခွေချခြင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က နှုတ်မိန့်ဖြင့် ခွင့်ပြုပြီးဖြစ်သည်။ တောင်ကြီး NLD ပါတီဝင်များက နံနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းကပ်ပြီး၊ စီတန်းလှည့်လည်ကာ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှိ ဗို်လ်ချုပ်ကြေးရုပ်ကို အလေးပြုမည် ဖြစ်သည်။ တောင်ကြီး NLD နှင့် အတူ ဟိုပုံး၊ ရွှေညောင်၊ မြို့သစ်၊ ဟဲဟိုး မြို့က ပါတီဝင်များလည်း ပါဝင်မည် ဖြစ်သည်။
ပုသိမ်
အာဇာနည်နေ ့အခမ်းအနားကို နံနက် ၅း၃၀ တွင်ပုသိမ်မြို့တော်ခန်းမတွင် သံဃာတော် ၁၁ ပါးကို ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်ကာဆွမ်းကပ်မည်ဖြစ်သည်။ ပုသိမ်မြို့ အာဇာနည်ပန်းခြံ ကျောက်တိုင်တွင် နံနက် ၈းဝဝ နာရီ၌ လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြု လုပ်မည်ဖြစ်သည်။ နံနက် ၁၀း၃၇ မိနစ်တွင် မီးသတ်ကားများမှ ဥဩဆွဲဂုဏ်ပြုမည်ဖြစ်သည်။ ဗိုလ်ချုပ်မိန့်ခွန်းများနှင့် အာဇာနည် သီချင်းများကို ပုသိမ်မြို့တော်ခန်းမ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးများနှင့် အမျိုးသား ဒီမိုကရေစီကွန်ရက်ရုံးများတွင် ဇူလိုင်လ ၁၈ ရက်ကတည်းက ဖွင့်လှစ်နေသည်။
တမူး
စစ်ကိုင်းတိုင်း တမူးမြို့၊ ဈေးတန်း ၉ ရပ်ကွက်၊ မဟူရာလမ်းမကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ပြီး သံဃာတော်များအားလည်း ဆွမ်းကပ်မည် ဖြစ်သည်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်အဝတ်များ ဝတ်ဆင်သွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများနားထောင်ကြမည်ဖြစ် သည်။
ကလေး
ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်လည်း အာဇာနည်နေ့ အခမ်းအနား ပြုလုပ်မည်ဖြစ်သည်။ “အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားပါမယ်။ ၁၀ နာရီ ၃၇ မိနစ်မှာ အားလုံး အလေးပြုမယ်။ ဆွမ်းကျွေး ဆက်ကပ်တာကတော့ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ စန်းမြို့ ရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက် သုံးခုမှာ ရပ်ကွက်အလိုက် အာရုံဆွမ်းကပ်ပါမယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကလေးခရိုင် သဘာပတိအဖွဲ့ဝင် ကိုကျော်ဆန်းက ပြောသည်။
ဤကဏ္ဍကို မဇ္ဈိမ၏ ရန်ကုန်၊ မန္တလေးနှင့် နယ်သတင်းအဖွဲ့များက ပူးပေါင်းတင်ဆက်ခြင်းဖြစ်သည်။