မြန်မာနိုင်ငံ၌ အစိုးရ စစ်တပ်တွင် သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင်လည်း ကလေးစစ်သားများရှိနေသောကြောင့် ကလေးစစ်သားပပျောက်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လည်း ပူးပေါင်းရန် လိုအပ်သည်ဟု ILO ဆက်ဆံရေးအရာရှိ စတီ(ဗ်)မာရှယ်က ပြောသည်။
၎င်းက ဇူလိုင် ၁၇ ရက် တွင် ရန်ကုန် မြို့ ILO ရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်ပြီးပြည်တွင်း၌ အဓမ္မလုပ်အားခိုင်းစေခြင်းတွင် ကလေးစစ်သား စုဆောင်းခြင်းမှာ အရေးကြီးဆုံးအချက် တွင်ပါဝင်နေပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ခုလုံးတွင် ကလေးစစ်သားများရှိနေသည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။
၎င်းက “အဓမ္မစစ်တပ်ထဲကို ပေါ်တာဆွဲတာဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အကြီးစားထိခိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်တပ်တွေရဲ့ အဆောက် အအုံ တည်ဆောက်တဲ့ လုပ်ငန်းခွင်တွေမှာကလေးအထမ်းသမား တွေရှိနေတာ တွေ့ ရပါတယ်။ ဒါတွေက ဥပဒေချိုးဖောက်နေတယ်ဆိုတာသိလာအောင် သူတို့ လုပ်ရပ်တွေကို တာဝန်ယူမှုတွေ ရှိလာစေဖို့ ILO က အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ILO အနေဖြင့် မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား၊ ကလေးစစ်သားပပျောက်ရေးနှင့်အတုူ အလုပ်သမားများ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရရှိအောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
စတီ(ဗ်)မာရှယ်က “အရင်က ILO နဲ့ အစိုးရအကြား တင်းမာတဲ့ဆက်ဆံရေးတွေ ရှိခဲ့ပေမဲ့ အခု မြန်မာအစိုးရ ဘက်က သဘောထားပွင့်လင်းမှုတွေ ရှိလာပါပြီ” ဟုလည်း ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားခိုင်းစေခြင်း ပပျောက်အောင် စီမံချက်ဖြင့်ဆောင်ရွက်သွားမည်ဟု လည်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မြန်မာနိုင်ငံတွင် နေရာမျိုးစုံ၌ ရှိနေသော ကလေးလုပ်သား အဓမ္မခိုင်းစေခြင်းများကို ၂၀၁၅ ခုနှစ်တွင် ပပျောက်အောင်မြန်မာအစိုးရနှင့် သဘောတူထားပြီးဖြစ်သည်ဟုလည်း စတီ(ဗ်)မာရှယ်က ပြောသည်။
“၂၀၁၅ခုနှစ်မှာ အဓမ္မခိုင်းစေတာတွေ မြန်မာနိုင်ငံမှာ လုံးဝပပျောက်သွားဖို့က မြန်မာအစိုးရကထားရှိတဲ့ ကတိက ဝတ်ကို လိုက်နာဖို့လိုပါတယ်” ဟုလည်း ပြောသည်။