ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ နန်းဟေဝန်ပန်းခြံတွင် ယခုလ ၄ ရက်က ဖြစ်ပွားခဲ့သည့် အမည်မသိ အမျိုးသမီးတစ်ဦး အသတ်ခံထားရမှုနှင့်ပတ်သက်၍ ရဲများက သံသယရှိသူတစ်ဦးကို ဖမ်းဆီးလိုက်ပြီဖြစ် ကြောင်း လားရှိုးရဲစခန်း၏ ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
ယခုကိစ္စနှင့် ပတ်သက်၍ သံသယရှိသူအဖြစ်ရဲက သတ်မှတ်ထားသူမှာ မစန္ဒာဝင်းဆိုသူဖြစ်ပြီးအသတ်ခံရ သည့် အမျိုးသမီးမှာ မမိုးဆွေဦးဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။
သံသယရှိသူကို ရဲများကခုနစ်ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းမှာ ထိုလူသတ်မှုနှင့် ပတ်သက်၍ တွေ့ဆုံစစ်ဆေးခဲ့ သည့် သက်သေများထဲမှ တစ်ဦး၏ ထွက်ဆိုချက်မှ စတင်ခြေရာခံမိသဖြင့်ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထို့ပြင်သေဆုံးသူနှင့် သံသယရှိသူတို့ လားရှိုးမြို့မစျေးအတွင်းတွင် ဇူလိုင် ၂ ရက်က အတူသွားလာခဲ့သည်ကိုစျေးခေါင်းရုံးတွင်တပ်ဆင်ထားသည့် စီစီတီဗီလုံခြံုရေးကင်မရာမှတ်တမ်းများ၌ ရဲများကတွေ့ရှိခဲ့ပြီး သံသယကို ပိုမိုခိုင်မာခဲ့သည်ဟု ရဲဌာနက မှတ်တမ်းတင်ထားသည်။
သံသယရှိသူ မစန္ဒာဝင်းကို ရဲများကဖမ်းဆီးစစ်ဆေးရာတွင် အခင်းဖြစ်ပွားသည့်နေ့က သူတို့နှစ်ဦးသည် နမ္မတူမီးပွိုင့်အနီးတွင် တွေ့ဆုံကာ နှစ်ဦးသား လားရှိုးမြို့မစျေးကြီးသို့ အတူသွားခဲ့ပြီး ထိုမှတဆင့် ပန်းခြံအတွင်းသို့ လမ်းလျှောက်သွားခဲ့ကြသည်ဟု ထွက်ဆိုကြောင်း ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။
ထို့နောက် ပန်းခြံအတွင်းရှိ စည်ဘီယာဆိုင် အနောက်ဘက်ရှိ အုတ်ခုံတွင် နှစ်ဦးသားထိုင်ခဲ့ကြပြီး မမိုးဆွေဦးက အိတ်အတွင်းမှ ဓားငယ်ကိုထုတ်ကာ သစ်သီးကို အခွံခွာစားနေခဲ့ရာ ထိုအချိန်တွင် နှစ်ယောက် အချင်းများ သဖြင့် သစ်သီးခွာသည့်ဓားဖြင့်ပင် မစန္ဒာဝင်းက မမိုးဆွေဦး၏ နောက်ကျောကို ထိုးလိုက်ကြောင်း ဆက်လက်ထွက်ဆိုထားသည်ကိုလည်း ရဲများက မှတ်တမ်းတင်ထားသည်။
မမိုးဆွေဦး လဲကျသွားချိန်တွင် မစန္ဒာဝင်းက အပေါ်မှတက်၍ ရင်အုံကိုဓားဖြင့် ဆက်တိုက်ထိုးခဲ့ကြောင်း၊ မမိုးဆွေဦး ငြိမ်သက်သွားချိန်တွင် သူမ၏ ရွှေနားကပ်၊ ရွှေလက်ကောက်နှင့် လည်ပင်းမှဆွဲကြိုးတို့ကို ဖြုတ်ယူပြီး ထွက်ခွာခဲ့ကြောင်း ရဲဌာနတွင် ထွက်ဆိုထားသေးသည်။
ပန်းခြံအတွင်းမှ ထွက်ခွာချိန်တွင်တွေ့မြင်သူ တစ်ဦးမျှမရှိသဖြင့် အပြင်အရောက်တွင် သုံးဘီးဆိုင်ကယ် ငှားကာဖြုတ်ယူလာသော လက်ဝတ်လက်စားများကို ရွှေလဝင်းရွှေဆိုင်နှင့် ဇွဲထက်ရွှေဆိုင်တို့တွင် တချို့ တစ်ဝက်ထုခွဲရောင်းချခဲ့ကြောင်းလည်း မစန္ဒာဝင်းက ရဲများကို ပြောကြားထားသည်။
ထို့နောက်သူမသည် အိမ်တွင်ဟန်မပျက်နေထိုင်ခဲ့ရာ အခင်းဖြစ်ပြီးနောက် ရက်သတ္တတစ်ပတ်ခန့်အကြာတွင် ရဲများက ထိုအမှုဖြင့် သံသယရှိသူအဖြစ် သတ်မှတ်ကာ မစန္ဒာဝင်းကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။