ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ကာ မိုက်ကယ်ဂျက်ဆင်အကအား ဆူးလေလမ်းမလယ်တွင်ကပြရိုက်ကူး ခဲ့ခြင်းမှာ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း မင်းမင်းထွန်းက ပြောကြားခဲ့သည်။ ဒါ့အပြင်ဇော်ကိုကိုကလည်း လတ်တလောတွင် တရားစွဲဆိုအရေးယူခံရခြင်းမရှိသေး ကြောင်း မဇ္ဈိမ သို့ ပြောကြားခဲ့သည်။
ဇူလိုင် ၁၃ရက် နံနက် ၉ နာရီဝန်းကျင်တွင် Mango ကုမ္ပဏီတင်သွင်းသည့် ဗိုက်တာမင်စီကြော်ငြာအား ဒါရိုက်တာဇော်ကိုကိုက Life & Dance အဖွဲ့မှ မင်းမင်းထွန်း၊ Bobby Soxer၊ ရှိုင်းဝေယံ၊ M ဆိုင်းလူ၊ ဆန်းတိုးနိုင်တို့ဖြင့် ရိုက်ကူးခဲ့သည်။ ယင်းသို့ရိုက်ကူးရာတွင် မင်းမင်းထွန်းမှာ ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ကာ ဆူးလေလမီးပွိုင့်အနီးတွင် မိုက်ကယ်ဂျက်ဆင်အကကို တင်ဆက်ကပြခဲ့ရာတွင်ကျောက်တံတား ရဲစခန်းမှ တာဝန်ရှိသူများက ရိုက်ကူးမှုအပြီးတွင် လာရောက်တွေ့ဆုံရန်ပြောကြား ခဲ့သည့်အတွက် သွားရောက် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။
“အင်တာနက်တွေမှာ ပျံ့နှံ့နေသလို အရေးယူခံနေရတယ်။ အာမခံလမရဘူးဆိုတာ မဟုတ်ဘူး။ အပြင်မှာပါပဲ။
အေးအေးဆေးဆေးပါပဲ။ တရားစွဲတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ အဲဒီရိုက်ကူးတဲ့နေ့က ကျောက်တံတား ရဲစခန်းက လာခေါ်တယ်။ ရိုက်ကူးပြီးသွားတော့ ကျွန်တော်တို့သွားကြတယ်။ အဲဒီနောက်ပိုင်းကစပြီး ဘာမှထပ် ပြောကြားတာတော့ မရှိသေးပါဘူး” ဟု ဇော်ကိုကိုက မဇ္ဈိမမှဆက်သွယ် မေးမြန်းချက်ကိုပြန်လည်ဖြေကြား ခဲ့သည်။
လတ်တလောတွင် ရဲဇာနည်ဖေ့ဘွတ်၌ အဆိုပါကြော်ငြာရိုက်ကူးမှုသည် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝတ်စုံအား ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ လူအများစည်ကားရာနေရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြသူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ
ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတားရဲစခန်း(ပ) ၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀ဝ/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
မင်းမင်းထွန်းက “ဒါရိုက်တာက မိုက်ကယ်ဂျက်ဆင်အကကို ကဖို့ပြောတယ်။ ကျွန်တော့် အနေနဲ့က ဒီဝတ်စုံကို ရော၊ အကကိုပါ နှစ်သက်တဲ့အတွက် သရုပ်ဆောင်ဖြစ်တာပါ။ ဘာရည်ရွယ်ချက်မှမရှိဘူး။ ဂုဏ်သိက္ခာကျဆင်း အောင်လုပ်တဲ့ ရည်ရွယ်ချက်မျိုးမဟုတ်ဘူး။ ကျွန်တော်တို့ကြော်ငြာတဲ့ ဆေးဗိုက်တာ မင်စီက အခုလိုကားလမ်း ကြောပိတ်ဆို့တာကို တာဝန်ယူရတဲ့ယာဉ်ထိန်းရဲတွေအနေနဲ့ တောင်မှ ဒီဆေးကိုသုံးပြီးတဲ့အခါမှာ လန်းဆန်း တက်ကြွပြီး ကားလမ်းကြောတွေကို ဖြေရှင်းနိုင်တာကို ပြချင်တဲ့အတွက် အခုလိုတင်ပြရတာပါ”ဟု ဆိုသည်။
ကြော်ငြာရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ကြော်ငြာရိုက်ကူး မည့်ရက်၊ ပါဝင်မည့် မင်းသား၊ မင်းသမီးတို့သာ တင်ပြရကြောင်း၊ ရိုက်ကူးပြီး ထပ်မံတင်ပြသည့်အခါမှသာ ဆင်ဆာအဖွဲ့သို့ထပ်မံတင်ပြရ သောစနစ်သာ ကျင့်သုံးလေ့ရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။