မလေးရှားနိုင်ငံသို့ ဆက်သွယ်ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးကို သံဃာအယောင်ဆောင်စေကာ မြန်မာနိုင်ငံအတွင်းသို့ ခေါ်သွင်းလာသည်ဟု သံသယရှိခံရသည့် ဇနီးမောင်နှံနှစ်ဦးကို ရဲများက ဇူလိုင် ၁၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။
ဇူလိုင် ၉ ရက်က သံဃာနှစ်ဦးသည် ပန်းဘဲတန်းမြို့နယ် ၈ ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ကြပြီး ခဏအကြာတွင် အရပ်ဝတ်ဖြင့်ဆင်းလာ၍ တည်းခိုခန်းအောက် လမ်းဘေးထမင်းဆိုင်တွင် ထမင်းစားနေကြောင်း ရဲများကသတင်းရသဖြင့် မွန်းလွဲ ၂ နာရီတွင် သာသနာညှိုး နွမ်းစေသူများအဖြစ် သံသယ ရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို ရဲများကစစ်ဆေးခဲ့ရာ သူတို့ကိုမြန်မာနိုင်ငံအတွင်းသို့ ဒေါ်လာ ၅၀၀ စီရယူကာ ခေါ်သွင်းခဲ့သူများရှိကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် သံသယရှိသူများကို လိုက်လံရှာဖွေစုံစမ်းခဲ့ သည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။
၎င်းတို့ကိုရန်ကုန်မှ မြဝတီ၊ မြဝတီမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မလေးရှားသို့ ပို့ဆောင်ရန် ထိုသူများက စီစဉ်ထားခြင်းဖြစ်သည်ဟုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးက ရဲများကို ထွက်ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်သွင်းလာသူအဖြစ် သံသယရှိသူများအဖြစ် သာကေတမြို့နယ် အရှေ့ - ရ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ် အရွယ်ကိုမင်းနိုင်နှင့် အသက် ၂၇ နှစ်အရွယ် မရင်ရင်ဝင်းတို့ကို ရဲများကဖမ်းဆီးထားသည်ဟု ရဲမှတ်တမ်း တွင်တွေ့ရသည်။
ရဲများက ၎င်းတို့၏ အိမ်ကိုရှာဖွေရာတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံးငွေများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကိုလည်း တွေ့ရသည်ဟု ရဲကထုတ်ပြန်သည်။
၎င်းဇနီးမောင်နှံကို မလေးရှားတွင်အလုပ်ရမည်ဟု ပြောဆို၍ တရားမဝင်လမ်းကြောင်းမှ ပို့ဆောင်ပေးရန် စီစဉ်ပေးမှုဖြင့် ရဲအုပ်အောင်နိုင်မြင့်ကတရားလိုပြုလုပ် တိုင်တန်းထားပြီးပန်းဘဲတန်းရဲစခန်းက အမှုအမှတ် (ပ)၂၀၅/၁၃ ဖြင့်အမှုဖွင့်ထားကြောင်း တိုင်းရဲဌာနကဆိုသည်။