ရခိုင်ပဋိပက္ခမှ အဖမ်းခံရသူ ၁၂၀ဝ ခန့် ရှိကြိုးကိုင်သူမပါသေး

ရခိုင်ပဋိပက္ခမှ အဖမ်းခံရသူ ၁၂၀ဝ ခန့် ရှိကြိုးကိုင်သူမပါသေး
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့်ဆက်စပ်၍ ပြစ်မှုကျူးလွန်သူဟု သံသယရှိသဖြင့် ဖမ်းဆီးထားသူ ၁၂၀ဝ ဦးခန့်ရှိကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြံုရေး ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဇူလိုင် ၉ ရက်က မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားသည်။

သို့သော် နောက်ကွယ်က ကြိုးကိုင်သူများကိုမူ ထိုသူများထဲတွင် မတွေ့ရှိကြောင်း ပြည်နယ်ဝန်ကြီးက ဆိုသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဆက်ဆံရေးရုံးတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကုလအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့ပြီး ပြည်နယ် လုံခြံုရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းလည်း တက်ရောက်သဖြင့် မဇ္ဈိမကမေးမြန်းရာ ယင်းကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရာဇဝတ်မှုကျူးလွန်ကြောင်း သံသယရှိသဖြင့် ဖမ်းဆီးထားသူများသည် ပြစ်မှုပေါင်း ၂၇၅ ခုဖြင့်ဆက်စပ် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှု ၂၀ဝ ခန့်မှာ ပြစ်ဒဏ်ချမှတ် ပြီးပြီဖြစ်ပြီး တရားရုံးက အပြစ်ပေးလိုက် သူ ၅၀ဝ ကျော်ရှိပြီဟုလည်း သူက အသေးစိတ်ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အမြင်မတူသည့် လူအုပ်စုနှစ်ခုကြားမှ ပဋိပက္ခများက ပြည်နယ်၏ မြို့နယ် ၁၃ ခု သို့ ကူးစက်ခဲ့ပြီး နိုင်ငံအနှံ့အပြားသို့လည်း ပျံ့နှံ့ခဲ့ရသည်။

ဖမ်းဆီးအရေးယူထားသူများနှင့်ပတ်သက်ပြီး “အမှုအားလုံးက သာမန်ပြစ်မှုတွေဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် လုံခြံုရေးဝန်ကြီးကဆိုသည်။

သူက “ကြိုးကိုင်မှုတွေ လှုံ့ဆော်မှုတွေရှိတယ်ဆိုတာ ကျွန်တော်တို့ ထင်မြင်ယူဆချက်သာ ဖြစ်ပါတယ်။ သက်သေအထောက်အထား မပြနိုင်သေးပါဘူး”ဟုလည်း သူကပြောကြားခဲ့သည်။

သမ္မတကဖွဲ့ပေးလိုက်သည့် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ပဋိပက္ခများ၏နောက်ကွယ်တွင် ကြိုးကိုင်နေသူများရှိနေသည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးဆပ် ကော်မတီဥက္ကဋ္ဌဖြစ်သည့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ပဋိပက္ခများနှင့်ဆက်စပ်သော အမှုများနှင့်ပတ်သက်၍ “တချို့အမှုတွေက သက်သေအထောက်ထားမခိုင်လုံလို့ ကြန့်ကြာနေတာဖြစ်သလို လတ်တလောပိတ်သိမ်းထားတဲ့အမှုတွေ လည်းရှိပါတယ်”ဟု ပြောကြားခဲ့သေးသည်။

Most read this week