မီးသင့်ခဲ့သည့် နေရာဟောင်းတွင် ဒုက္ခသည်များ အိမ်ပြန်ဆောက်လိုသော်လည်း အစိုးရက ခွင့်မပြုသေး

မီးသင့်ခဲ့သည့် နေရာဟောင်းတွင် ဒုက္ခသည်များ အိမ်ပြန်ဆောက်လိုသော်လည်း အစိုးရက ခွင့်မပြုသေး
by -
မဇ္ဈိမ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မီးလောင်ခဲ့ရသည့် မြေကွက် နေရာဟောင်းများတွင် ပိုင်ရှင်ဟောင်း ဖြစ်သည့် ဒုက္ခသည်များက အိမ်ပြန်ဆောက်လိုသော်လည်း အစိုးရက ခွင့်မပြုသေးဟု ပြည်ထောင်စုအဆင့် နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ဇူလိုင် ၉ ရက်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အမြင်မတူသော လူအုပ်စုနှစ်ခုကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နှစ်ဖက် လူ့ အဖွဲ့အစည်းမှ လူများ၏ နေအိမ်တို့ မီးလောင်ကျွမ်းခဲ့ရပြီး လက်ရှိတွင် ဒုက္ခသည်စခန်း အသီးသီး၌ ရောက်ရှိနေကြရာ မိုးရာသီအမီ အစိုးရနှင့် ကုလက ဆောက်ပေးသည့် ဒုက္ခသည်စခန်းများသို့ ပို့ဆောင် ပေးလျှက် ရှိသည်။

သို့သော် ဒုက္ခသည်အချို့က ၎င်းတို့ ယခင်က ပိုင်ဆိုင်ခဲ့သော မြေကွက်များပေါ်တွင် အဆောက်အအုံ ပြန်ဆောက်လိုနေကြသော်လည်း အစိုးရက နှစ်ဖက် လူ့အဖွဲ့ အစည်းကြား ပြေလည်မှသာ အဆောက်အအုံ ပြန်ဆောက်စေလိုကြောင်း ဗိုလ်ချုပ်ဇော်ဝင်းက ရှင်းပြသည်။

“ပြဿနာဖြစ်ပြီး ဒီနေရာတွေကို ပြန်ထားရင် နှစ်ဖက်စလုံးအတွက် လုံခြံုမှုမရှိသေးဘူး တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုတွေ တည်ဆောက်ရဦးမယ်၊ ဒါကြောင့် မီးလောင်တဲ့နေရာတွေမှာ ဘယ်သူ့ကိုမှ အိမ်ပြန် ဆောက်ခွင့် မပြုသေးပါဘူး”ဟု သူက ဆိုသည်။

အစိုးရနှင့် ကုလသမဂ္ဂအစီအမံဖြင့် ဆောက်ပေးထားသော ဒုက္ခသည်တန်းလျား အဆောက်အဦးများသို့ ရွှေ့ပြောင်းရာတွင် ဘင်္ဂါလီဒုက္ခသည်အချို့က မူရင်းနေရာမှ မရွှေ့လိုသဖြင့် လုံခြံုရေးတပ်ဖွဲ့များနှင့် အချေအတင် ဖြစ်မှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းမှာ အမိုးအကာအောက် ရောက်သွားပြီ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်ဝင်းက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဌဖြစ်သည့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း “နေအိမ်တွေမှာ ပြန်နေထိုင်နိုင်ဖို့ထက် အမိုးအကာအောက် ရောက်ရှိဖို့က အရေးကြီးတဲ့ အချက်ဖြစ်တဲ့အတွက် ဒါကို အရင်ဆုံး ဖြေရှင်းနေရတာပါ” ဟု မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများကြောင့် နေအိမ် မီးလောင်ကျွမ်းပြီး အိုးအိမ်မဲ့ခဲ့ရသူ တစ်သိန်းကျော်ကို အစိုးရကစောင့်ရှောက်ထားပြီး ၎င်းတို့အနက် လူဦးရေ ရှစ်သောင်းကျော်မှာ ဘင်္ဂါလီ ဒုက္ခသည်ဖြစ်ပြီး သုံးသောင်းကျော်မှာ ရခိုင်ဒုက္ခသည်များ ဖြစ်ကြသည်။

၎င်းဒုက္ခသည်များအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လှူဒါန်းငွေများနှင့် ပြည်ထောင်စု အစိုးရက ပြည်နယ်အစိုးရသို့ ခွဲဝေပေးသည့် ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ငါးသောင်းရှိပြီး အများစုမှာ ဒုက္ခသည်စခန်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များထံမှ သိရသည်။

Most read this week