ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ရဲများက မူးယစ်ဆေးဝါးမှုဖြင့် သံသယရှိသူများကို ဖမ်းဆီးစဉ် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခံရသည့်အဖြစ်အပျက်တစ်ခု ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသရှိ အပိုင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းက မဇ္ဈိမကို ပြောသည်။
ယင်းဖြစ်ရပ်သည် ဘားအံမြို့နယ်အတွင်းရှိ ရွှေတောကျေးရွာအနီးရှိ ဘားအံ-ဇာသ ပြင်ကားလမ်းဘေးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲများကိုသေ နတ်ဖြင့် ပြန်ပစ်ခဲ့သည့် မူးယစ်ဆေးဝါးမှုဖြင့် သံသယရှိသူများကို ရဲများကလည်း တန်ပြန်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း စခန်းမှူးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်မှုများရှိခဲ့သော်လည်း “နှစ်ဖက်လုံးအထိအခိုုက်မရှိဘဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟုသူက ဆက်ပြောသည်။
ထို့ပြင်မူးယစ်ဆေးမှုသံသယဖြင့်ဖမ်းမိသူများသည် အစိုးရဘက်မှမဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုမှအဖွဲ့ဝင်များဖြစ်ကြောင်း ရဲကိုထွက်ဆိုထားသော်လည်း ဖမ်းဆီးခံရသူများ ပြောသည့် အဖွဲ့အစည်းကမူငြင်းဆိုကြာင်းလည်း ရဲအုပ်ဇော်ဝင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါသံသယရှိသူများ၏ မိခင်လက်နက်ကိုင် အဖွဲ့အစည်းသည် မည်သည့်အဖွဲ့နည်းဟု မေးမြန်းရာတွင်မူ ရဲအုပ်က “တိတိကျကျပြောလို့ မဖြစ်သေးပါဘူး”ဟုသာ ဖြေကြားခဲ့သည်။
ရဲများက ကြိုတင်ရရှိထားသည့် သတင်းအတိုင်း အသက် ၅၂ နှစ်အရွယ်ရှိ ဦးဝင်းမောင်ကို ကားလမ်းဘေး တွင်သက်သေများနှင့်အတူရှာဖွေခဲ့ရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၅၈ ပြားကို ထိုသူ၏ လွယ်အိတ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲဌာနကသတင်းထုတ်ပြန်ထားသည်။ ထိုဆေးပြားများ၏ တန်ဖိုးမှာ ကျပ်နှစ်သိန်းခန့်တန်သည်ဟုလည်း ရဲဌာနက ဆိုသည်။
ဆက်လက်၍ ရဲများကမသင်္ကာသဖြင့် ဦးဝင်းမောင်ကို ဖမ်းမိသည့်နေရာနှင့် ပေ ၂၀ ခန့်အကွာမှ တဲအိမ် တစ်လုံးကို ၀င်ရောက်ရှာဖွေရာ တဲအတွင်းမှ ဦးလူဒိတ်ဆိုသူက M 22 သေနတ်ဖြင့် သုံးချက်ခန့်ရဲများကို လှမ်းပစ်ကြောင်း၊ ရဲများကလည်း သေနတ်ဖြင့် နှစ်ချက်ခန့် ပြန်ပစ်ခတ်ပြီး လုံးထွေးဖမ်းဆီးခဲ့ကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ပါ ရှိသည်။
ထို့နောက်အသက် ၄၁ နှစ်အရွယ် ဦးလူဒိတ်လွယ်ထားသည့်အိတ်ကိုစစ်ဆေးရာ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၄၈ ပြား၊ M 16 မောင်းပြန်ရိုင်ဖယ် သေနတ် တစ်လက်၊ ကျည် ၃၅ တောင့်ဝင် ကျည် အိမ်တစ်ခု၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂၀ တို့ကိုသိမ်းဆည်းရမိခဲ့သည်ဟု ရဲဌာနမှ စုံစမ်းရရှိသည်။
ထို့ပြင် M 22 ခေါက်ဒင်သေနတ်တစ်လက်၊ ကျည် ၂၅တောင့်ဆန့် ကျည်အိမ်တစ် ခု၊ ရ ဒသမ ၆ ကျည် ၁၁ တောင့်၊ ဒသမ ၃၀ ကာဘိုင်ကျည် ၂၉ တောင့်၊ အမေရိကန်နိုင်ငံလုပ် ဖျူးစ်ပါ M 57 လက်ပစ်ဗုံး တစ် လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ရဲဌာန၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
အထက်ပါ လူနှစ်ဦးကိုရဲများက ဖမ်းဆီးပြီးသည့်နောက်တွင် တဲအတွင်းသို့ ဆက်လက်ရှာဖွေရာ မူးယစ် ဆေးဝါးလာရောက်ဝယ်ယူ သူအဖြစ်ရဲများက စွပ်စွဲထားသူ အသက် ၃၀ အရွယ် ကိုစနေတင်(ခ) ကိုစိုးစိုး ကိုလည်း ရဲများက ထပ်မံဖမ်းမိခဲ့သည်ဟု ဆိုထားသည်။ ရဲများက မူးယစ်ဆေးရောင်းဝယ်ရာတွင်အသုံးပြုသည်ဟု သံသယရှိသည့်မော်တော်ဆိုင်ကယ်သုံးစီးကို လည်း သိမ်းဆည်းထားသေးသည်။
ယခုအမှုကို ထုံးအိုင်နယ်မြေရဲစခန်းက အမှုအမှတ်-မူးယစ်(ပ)၁/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါး မှုဖြင့်သံသယရှိ သူများကို မူးယစ်ပြစ်မှုဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၀(က)/၂၁ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာန ကထုတ်ပြန်ထားသည်။
ထိုနည်းတူ သေနတ်လက်ဝယ်တွေ့ရှိမှုကို အမှုအမှတ်(ပ)၁၃/၂၀၁၃ဖြင့်အမှုဖွင့်ထားပြီး လက်နက်ယာယီပြင်ဆင်ချက် ဥပဒေပုဒ်မ ၁၉ (က)ဖြင့် တရားစွဲဆိုမည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။