အစိုးရတပ်မှ အရွယ် မပြည့်သည့် ကလေး စစ်မှုထမ်းသူ ၄၂ ဦးကို တနင်္လာနေ့က ပြန်လွှတ် ပေးလိုက်ရာ ထိုအထဲတွင် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)ထံ တိုင်ကြားမှုမှ တဆင့် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်ဆံရေးရုံး၏ အရာရှိချုပ် Mr. Stephen Marshall က မဇ္စျိမကို ယနေ့ ပြောကြားလိုက်သည်။
“၁၀ ဦးက ကျနော်တို့ထံ တိုင်ကြားလာမှု ကနေတဆင့် ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်။ ပြည်သူတွေအနေနဲ့ နားလည်နိုင်တာ တခုက ဒီလို အရွယ်မတိုင်ခင် စစ်သားစုဆောင်း ခံရခြင်းနဲ့ ပတ်သက်ပြီး တရားဝင် တရားစွဲဆိုပိုင်ခွင့် ရှိပါတယ် ဆိုတာပါပဲ” ဟု ဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့က အစိုးရတပ်မှ ကလေးစစ်သား လွှတ်ပေးမှုမှာ တတိယ အကြိမ်မြောက် လွှတ်ပေးခြင်း ဖြစ်ပြီး ၂၀၁၂ စက်တင်ဘာလတွင် ၄၂ ဦး လွှတ်ပေးခဲ့ကာ ဒုတိယ အကြိမ်အဖြစ် ဖေဖော်ဝါရီလတွင် ၂၄ ဦး လွှတ်ပေးခဲ့ပြီးဖြစ်သည်။
ထို့သို့ ဒုတိယအကြိမ် လွှတ်ပေးခဲ့ပြီးနောက် တပ်မတော် ခေါင်းဆောင်များက ၎င်းတို့တပ်တွင် ကလေးစစ်သား မရှိသလောက်နီးပါး ဖြစ်သည်ဟု မီဒီယာများအား ထုတ်ဖော် ပြောကြားခဲ့သည်။
သို့သော်လည်း တပ်မတော်တွင်း ကလေးစစ်သား ဆက်လက် ရှိနေဆဲပင် ဖြစ်ကြောင်း Mr. Stephen Marshall က ပြောကြားလိုက်သည်။
“ယုံကြည်လောက်တဲ့ အချက်တွေအဖြစ်ကလည်း ပြီးခဲ့တဲ့ ကာလတွေ တုန်းကရော၊ လတ်တလောမှာရော ဒီကလေး စစ်သားတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ အမြဲတမ်း ရှိနေပါတယ်။ ဒါ့ပြင်ကို ကလေးစစ်သားတွေဟာ ရှေ့တန်း တပ်စခန်းတွေကနေ ထွက်ပြေးနေတာတွေလည်း ရှိနေတယ်ဆိုတာ ကျနော်တို့ စုံစမ်းသိရှိထားရပါတယ်။ ဒါကြောင့် ရှိနေပါတယ် ဆိုတာတော့ ယုံကြည်နေပါတယ်” ဟု မဇ္စျိမကို ပြောသည်။
တပ်မတော် အတွင်း၌ ကလေးစစ်သားများ အသုံးပြုမှု စာရင်း အတိအကျကို မသိရှိရကြောင်းနှင့် တပ်မတော်၏ တပ်တွင်းထိ ဝင်ရောက် စုံစမ်းရန်လည်း မဖြစ်နိုင်ကြောင််း ၎င်းက ဆက်လက်ပြောဆိုသည်။
“အခု လက်ရှိ တပ်မတော်ထဲမှာ ကလေး စစ်သား ဘယ်လောက် ရှိတာလဲ ဆိုတာတော့ ရိုးရိုးသားသား ပြောရရင် ဘယ်သူမှ မသိနိုင်ပါဘူး။ ကျနော်တို့လည်း မသိပါဘူး။ ကလေးစစ်သား ရှိနေဆဲပဲ ဆိုတာတော့ ယုံကြည်ပါတယ်။ ဒါပေမယ့် အတွင်းပိုင်းကို တိတိကျကျ ဝင်ရောက် စုံစမ်းစစ်ဆေးဖို့ မဖြစ်နိုင်လေတော့ တိကျတဲ့ နံပါတ်နဲ့ အရေအတွက်ကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး” ဟု ပြောသည်။
၁၉၉၆ ခုနှစ်များ နောက်ပိုင်း၌ မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး စေခိုင်းမှုများ၊ ပေါ်တာ ဆွဲခြင်းများ၊ လူသား မိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုခြင်း စသည့် တိုင်ကြားမှုများကို ILO မှ အများအပြား လက်ခံရရှိခဲ့ပြီးနောက် ကျွမ်းကျင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ ၎င်းတိုင်ကြားချက်များထဲတွင် အရွယ်မရောက် သူများ အဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခြင်းခံရသည့် တိုင်ကြားချက်လည်း အများအပြား ပါဝင် ခဲ့ပါသည်။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ အတွင်း၌ ကလေးစစ်သား ပပျောက်ရေးနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးအတွက် ၃ နှစ် စီမံကိန်း သဘောတူညီချက် တရပ်ကို မြန်မာ အစိုးရ အရာရှိကြီးများနှင့် ILO အုပ်ချုပ်ရေးအဖွဲ့တို့အကြား လက်မှတ်ရေးထိုး နိုင်ခဲ့ကာ အထူးသဖြင့် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် လက်မှတ် ထိုးခဲ့သည်။
ထပ်မံ၍လည်း ကုလ လုံခြံုရေး ကောင်စီ ဆုံးဖြတ်ချက်အရ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်သားအဖြစ် အသုံးပြုနေမှုကို ၂၀၁၅ မတိုင်မီ ရှာဖွေဖော်ထုတ်ကာ စစ်တပ်မှ နုတ်ထွက်ခွင့်ပြုရေး သဘောတူညီချက်ကိုလည်း မြန်မာ အစိုးရက သဘောတူ ထားသည်။
ထို့ကြောင့် မြန်မာ အစိုးရ အနေဖြင့် ၂၀၁၅ ခုနှစ် မတိုင်မီ တပ်မတော်၌ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေး အကောင်အထည် ဖော်ရမည် ဖြစ်သည်။
၎င်းအတွက် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် တိုးတက် မြင်သာမှုရှိကာ ကျန်ရှိနေသေးသည့် ကလေး စစ်သားများ အားလုံး ၂၀၁၅ မတိုင်မီ လွှတ်ပေး နိုင်ရန် မျှော်လင့်ရကြောင်းလည်း ILO အရာရှိချုပ် Mr. Stephen က ဆက်ပြောသည်။
“တပ်မတော်က စီမံချက် အောင်မြင်အောင် အင်တိုက် အားတိုက် ပါဝင် ဆောင်ရွက် လာတာကို တွေ့ရတယ်၊ အဲဒီ အပေါ်မှာ ပြည်သူ တွေက ပူးပေါင်း ပါဝင်ဖို့ လိုလည်း လိုနေ ပါတယ်၊ တိကျတဲ့ အထောက်အထား စာရင်းဇယားတွေက ဒီအရွယ် မရောက်တဲ့ ကလေး စစ်သားတွေ အတွက် အရေးကြီးတဲ့ အထောက် အထားတွေ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
အကယ်၍ စီမံချက် ကာလအမီ လုပ်ဆောင် နိုင်ခဲ့ခြင်း မရှိခဲ့လျှင် နှစ်စဉ် ဇွန်လ၌ ကျင်းပလေ့ရှိသည့် ILO ညီလာခံ၌ ထပ်မံ သုံးသပ် သွားရမည် ဖြစ်သည်။