သီလရှင်နှစ်ပါး ကျောင်းလု ရွာသား ၅၀ ကျော် အချင်းများ

သီလရှင်နှစ်ပါး ကျောင်းလု ရွာသား ၅၀ ကျော် အချင်းများ
by -
မဇ္ဈိမ

မကွေးမြို့နယ်အတွင်းရှိ ချမ်းမြေ့သာယာရွာတွင် သီလရှင်နှစ်ပါး သီတင်းသုံးသည့် ကျောင်းတစ်ကျောင်း ရှိရာ အတူသီတင်းသုံးသည့် ထိုသီလရှင်နှစ်ပါး သဘောထားကွဲလွဲသောအခါ အဆိုပါကျောင်းကို ခွဲယူရာ မှ စကားများကြပြီး ယင်းကိစ္စကို ၀င်ပါမိသော ရွာသား ၅၀ ကျော်ပါ အချေအတင် ခိုက်ရန်ဖြစ်ကြသည့် ဖြစ်ရပ်တစ်ခု ဇူလိုင် ရ ရက်က ဖြစ်ပွားခဲ့သည်။

စတင်ဖြစ်ပွားပုံမှာ မကွေးတိုင်း သီလရှင်အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းအကျိုးတော်ဆောင် သီလရှင်ဆရာကြီးများနှင့် မြို့နယ် သာသနာရေးဦးစီးဌာနတို့က ယင်းကျောင်းတွင်နေသော သီလရှင်နှစ်ပါးဖြစ်သည့် ဒေါ်ဧသုစာရီ နှင့် ဒေါ်ဝေသုစာရီတို့သည် လူမှုရေးဖောက်ပြန်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် ဇွန် ၃၀ ရက်တွင် နယ်နှင် ထားသည်ဟု မြို့နယ် သာသနာရေးဦးစီးဌာနမှ စုံစမ်းရရှိသည်။

သီလရှင်နှစ်ပါးကို ဇူလိုင် ၈ ရက်တွင် ကျောင်းမှ နောက်ဆုံးထွက်ခွာရန် သာသနာရေးဆိုင်ရာ အဖွဲ့တို့က အမိန့်ထုတ်ထားရာ မူလက ကျောင်းဆောက်လုပ်ပေးခဲ့သည့် ကျောင်းဒကာဖြစ်သူ ဦးဌေးဝင်းက လူခုနစ် ဦးခန့်ကိုခေါ်ကာ ဇူလိုင်ရရက်က ကျောင်းဖျက်ရန် လာခဲ့သည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယင်းသို့ ကျောင်းဖျက်မည်ကို သီလရှင် ဒေါ်ဧသုစာရီက မကျေနပ်သဖြင့် ရွာသားများကို အကူအညီသွား တောင်းရာ လူ ၅၀ ခန့် စုဝေးရောက်ရှိလာပြီး ကျောင်းဒကာ ဦးဌေးဝင်းက ကျောင်းကိုဖျက်ပြီး ပြန်ယူမည်ကို ၀ုိင်းတားသဖြင့် အုပ်စုနှစ်ခု အချေအတင် ရန်ဖြစ်ကြသည်ဟု မျက်မြင်သက်သေ ရွာသားတစ်ဦးက မဇ္ဈိမကို ပြန်ပြောပြခဲ့သည်။

ထိုရုန်းရင်းဆန်ခတ် ဖြစ်စဉ်ကို ရွာသားတစ်ဦးက မြို့နယ်ရဲတပ်ဖွဲ့ကို ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်း ကြားသဖြင့် ရဲများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သာသနာရေးဦးစီးဌာမှ အရာရှိများ ရောက် လာပြီး ရွာသားများ အချေအတင် ဖြစ်နေသည်ကို တားဆီးခဲ့သည်ဟုလည်း စုံစမ်းရရှိသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောင်းဒကာ ဦးဌေးဝင်းကို အာဏာပိုင်များက ခေါ်ယူမေးမြန်းရာ သူက သီလရှင်နှစ်ဦးနှင့်ရော ကျောင်းနှင့်ပါ နောင်တွင် မပတ်သက်တော့ကြောင်း ကတိပြု ခံဝန်လက်မှတ် ထိုးခဲ့ကြောင်း ဒေသ အာဏာပိုင်များထံမှ စုံစမ်းရရှိသည်။

ထို့ပြင် သီလရှင်နှစ်ပါး သီတင်းသုံးခဲ့သည့် မြေကွက်နှစ်ကွက်နှင့် ကျောင်းအဆောက်အအုံကို ယင်းရွာရှိ ချမ်းမြေ့သာယာရိပ်သာ ဘုန်းကြီးကျောင်းသို့ ကျောင်းဒကာ ဦးဌေးဝင်းက လွှဲပြောင်း လှူဒါန်းခဲ့သည်ဟု လည်း မကွေးမြို့နယ် သာသနာရေးဦးစီးဌာနရုံးမှ စုံစမ်းရရှိသည်။

ဒေါ်ဧသုစာရီနှင့် ဒေါ်ဝေသုစာရီ သီလရှင်နှစ်ပါးကမူ သာသနာရေးဆိုင်ရာ အဖွဲ့အစည်းများက အမိန့် ထုတ်ထားသည့်အတိုင်း ဇူလိုင် ၈ ရက်အထိသာ ကျောင်းတွင် သီတင်းသုံးခွင့်ရှိပြီး ယနေ့မှစ၍ ယင်း ကျောင်းတွင်သာမက မကွေးမြို့နယ်အတွင်း၌ပင် သီတင်းသုံးခွင့် မရှိတော့ဘဲ အခြားတစ်နယ်သို့ ထွက် ခွာရမည် ဖြစ်သည်။