မြန်မာနိုင်ငံ နေပြည်တော်တွင်ကျင်းပ ပြုလုပ်မည့်၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော် (ဆီးဂိမ်း)အတွက် ပြည်တွင်း ပြည်ပကုမ္ပဏီ ၁၂ ခုထံမှ စပွန်ဆာ အဖြစ် ငွေကြေးအမေရိကန်ဒေါ်လာ သုံးသန်းကျော် စပွန်ဆာရရှိထားပြီးဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် က တရားဝင် ထုတ်ပြန်ပြောကြားခဲ့သည်။
စပွန်ဆာပေးသည့်ကုမ္ပဏီများမှာ ထိုင်း နှင့် စင်ကာပူမှကုမ္ပဏီသုံးခုနှင့် ပြည်တွင်း ကုမ္ပဏီကိုးခုဖြစ်ကြောင်းလည်း ၎င်း က ပြော သည်။ “ဆီးဂိမ်းအတွက် ကျွန်တော်တို့ကုမ္ပဏီ ၁၂ခုနဲ့ စပွန်ဆာစာချုပ် ချုပ်ဆို ဆောင်ရွက် ပြီးပါပြီ။ ထိုင်းနိုင်ငံက နေရှင်နယ်ကုမ္ပဏီက ဒေါ်လာသုံးသန်းနဲ့ညီမျှတဲ့ အားကစား ဝတ်စုံတွေ ပံ့ပိုးကူညီပါမယ်။
100 Plus က ဒေါ်လာခြောက်သောင်းနဲ့ ချိုရည်ဘူးပေါင်းငါးသိန်း၊ ရွှေစူပါလိုက်ဖ် ကုမ္ပဏီက ကျပ်သိန်း ၁၅၀ဝ နဲ့ညီမျှတဲ့ စူပါ ကော်ဖီမစ် ရ၀ဝ ကာတွန်၊ စူပါလီမွန်တီး ရ၀ဝ ကာတွန်၊ Voltex က အမေရိကန်ဒေါ်လာ သုံးသောင်းနဲ့ညီမျှတဲ့ ဆေးအတောင့် နှစ်သောင်း၊ ရွိုင်ရယ်မြန်မာက ကျပ်သိန်း ၁၅၀ဝ နဲ့ ညီမျှတဲ့တီးမစ် ရ၀ဝ ကာတွန်၊ ကွေကာအုပ် ရ၀ဝ ကာတွန်၊ မြန်မာ့အနာဂတ်ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီက ကျပ်သိန်း၃၀ဝ နဲ့ ညီမျှတဲ့ ချိတ်ထမီ၊ အေရိုးမားကုမ္ပဏီကလည်း ကျပ်သိန်း ၃၀ဝ နဲ့ညီမျှတဲ့ မိတ်ကပ်ဆံပင်ပြုပြင်မှု၊ ရသာချို (ယမ်ယမ်)က ခေါက်ဆွဲခြောက်ထုပ် သိန်း ၅၀ဝ ဖိုး၊ ပရီးမီးယားက ကျပ်သိန်း ၅၀ဝ နဲ့ညီမျှတဲ့ ကော်ဖီခရင်(မ်)၊ မီဒီယာအနေနဲ့ ADMA မီဒီယာက ဒေါ်လာ(၁)သန်း တန်ကြေး ရှိတဲ့ Billboard (၁၅၀)ကို ပေးအပ်လှူဒါန်း ပြီး ဖြစ်ပါတယ်။ စုစုပေါင်း တန်ကြေးကတော့ မြန်မာငွေကျပ် (၁ ဒသမ ၅၇၉)ဘီလီယံ၊ အမေရိကန်ဒေါ်လာ (၃ဒသမ ဝ၃၄) သန်းတို့ကို လက်ခံရရှိထားပြီး ဖြစ်ပါတယ်” ဟု ဦးမျိုးလှိုင်က ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲကြီးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အတွက် ကုန်ကျစရိတ် စုစုပေါင်းကိုမူ လက်ရှိအချိန်တွင် တရားဝင် မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ဆိုသည်။