အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံရသည့် ဟင်္သာတခရိုင် သာသနာရေးဦးစီးရုံးမှလက်ထောက် ညွှန်မှူးကို နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးရုံးက စုံစမ်းစစ်ဆေးရေး အဖွဲ့ က လာရောက်စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံရသည့် ကာယကံရှင်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ M 3 စားသောက်ဆိုင်တွင် ဇူလိုင် ရ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ခရိုင်သာသနာရေး လက်ထောက်ညွှန်မှူး ဦးသန်းထွန်းက သတင်းထောက်များကို ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။
ဦးသန်းထွန်းကိုသူ၏ အိမ်မှအိမ်ဖော်အား အဓမ္မကျင့်သည်ဟု စွပ်စွဲကာ အိမ်ဖော်၏ ဝမ်းကွဲအမကသာသနာ ရေး ဝန်ကြီးဌာနသို့ ပြီးခဲ့သည့် မေလက စာရေးသား တိုင်တန်းခဲ့သဖြင့် ထိုလနှောင်းပိုင်းက ယခုကဲ့သို့ စစ်ဆေးခံရခြင်း ဖြစ်သည်ဟု ကာယကံရှင်က ဆိုသည်။
ထို့ပြင် သူနှင့်ပတ်သက်၍ ပျံ့နှံ့နေသော ကောလာဟလများနှင့် ပတ်သက်၍ “ကျွန်တော့်ကို သာသနာရေး ဝန်ကြီး က ရာထူးက ယာယီရပ်ဆိုင်း ထားတယ်ဆိုတာ မဟုတ်ပါဘူး။ ခုချိန်ထိ အမိန့်ထုတ်ပြန်ချက် မရောက်လာသေးပါဘူး” ဟု သူက ရှင်းပြသည်။
ဝန်ကြီးရုံးက စစ်ဆေးပြီးသွား သော်လည်း နှစ်လနီးပါးကြာမြင့်ပြီဖြစ်သည့် ယခု အချိန်အထိရလဒ်တစ်စုံတစ်ရာ ကို အကြောင်းကြား မလာသေးကြောင်း ဦးသန်းထွန်းက ဆိုသည်။
“မမှန်ကန်တဲ့ တိုင်ကြားချက်အပေါ် ကျွန်တော့်ကိုယ် ကျွန်တော် သက်သေထားပြီး ရင်ဆိုင်သွားမှာပါ” ဟုလည်း သူက ဆိုသည်။ ထို့ပြင် သူ့ကို စွပ်စွဲတိုင်ကြားသူများကို “ဟင်္သာတ ရဲစခန်းမှာ ကျွန်တော့်ဘက်က ပြန်လည် အမှုဖွင့် တိုင်ကြားထားပါတယ်” ဟု လည်း ၎င်းက ပြောသည်။
အိမ်ဖော် အမျိုးသမီးငယ်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးထိန်ဝင်း ကလည်း ယခုကိစ္စနှင့် ပတ်သက်၍ သူ့အမှုသည်ဘက်မှ “အထောက်အထား နည်းနည်း လိုနေတယ်။ ရဲတပ်ဖွဲ့ဘက်က ဖော်ထုတ်ဖို့လို တာပေါ့။ အခုရဲစခန်းရဲ့ အဖြေကို စောင့်နေတယ်”ဟု ရှင်းပြခဲ့သည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး အမျိုးသမီးငယ်ဘက်မှ တိုင်ကြားမှုကို ဟင်္သာတရဲစခန်းက အမှုအမှတ်(ပ)၈၉/၂၀၁၃ဖြင့် အမှုဖွင့်ထားကြောင်းသာ အဆိုပါရဲစခန်းက အတည်ပြုခဲ့ပြီး ရာဇဝတ်မှုဖြစ်နေသဖြင့် အသေးစိတ်ကိုမူဖြေကြားရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။
ယခုဖြစ်ရပ်တွင် အဓမ္မကျင့်ခံရသည်ဟု ဆိုသူ အမျိုးသမီးငယ်မှာ အသက် ၁၄ နှစ် အရွယ်သာရှိသေးသည်။
မိန်းကလေးငယ်၏ ဝမ်းကွဲအမဖြစ်သူက “နစ်နာမှုတွေအတွက် အမှန်တရား မပေါ်မချင်း အစ်မတို့ဘက်က ဆက်တိုင်ကြား သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။
သူမက သူ့ညီမအတွက် သာသနာရေး ဝန်ကြီးဌာနအပြင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အောက်လွှတ်တော်၏ ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတို့ကို တိုင်ကြားထားသည်ဟုလည်း ဆက်ပြောသည်။