နိုင်ငံတကာ မီဒီယာများအနေဖြင့် မြန်မာနိုင်ငံ၏သတင်းများ ဖော်ပြရာတွင် တိုင်းပြည်၏ သမိုင်းအရိပ်မည်းများ နှင့် လူထု၏ အကဲခတ်မှုကို ထည့်စဉ်းစားရန် လိုအပ်ကြောင်း သမ္မတက ဇူလိုင် ၂ ရက်တွင် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြော ကြားလိုက်သည်။
ပြည်သူလူထုသို့ လစဉ်ပြောကြားသော ရေဒီယိုမိန့်ခွန်းတွင် အမေရိကန်နိုင်ငံ၊ နယူးယောက် အခြေစိုက် Time မဂ္ဂဇင်းပါ The Face of Buddhist Terror ဟု အမည် ရသည့် ဆောင်းပါးနှင့် ပတ်သက်၍ ပြောကြားစဉ် သမ္မတက ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က ''လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင် ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို၊ အပြု သဘောဆောင်တဲ့ ကျင့်သုံး မှုများဖြစ်ဖို့ လိုအပ်တယ်လို့လည်း အလေး အနက်ခံယူထားပါတယ်''ဟု ဆိုသည်။
သမ္မတက ဗုဒ္ဓဘာသာကို ကမ္ဘာက အထင်လွဲမှားစေပြီး ဗုဒ္ဓဘာသာဝင် မြန် မာအများစုရဲ့ ယုံကြည်မှုကို မထင် ဟပ်တဲ့ လူနည်းစုရဲ့ လုပ်ဆောင်မှုများကို စောင်းပေးဖော်ပြခဲ့သည်ဟု ဇူလိုင် ၁ ရက်ထုတ် Time မဂ္ဂဇင်းကို သုံးသပ်ထားပြီး ထိုမဂ္ဂဇင်းကြောင့် မြန်မာများအကြား အငြင်းပွားမှု၊ သဘောကွဲလွဲမှုနှင့် စိတ်ထိခိုက်မှုများ ဖြစ် ခဲ့ရသည်ဟု သူသိထားကြောင်းလည်း ပြောကြားခဲ့သည်။
အစိုးရက Time မဂ္ဂဇင်း၏ ဇူလိုင် ၁ ရက်ထုတ် စာစောင်ကို ပိတ်ပင်ခဲ့မှုအပေါ် NLD နာယကဖြစ်သည့် ဝါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင် က ''အင်တာနေရှင် နယ် မီဒီယာဆိုတာ ပြည်တွင်းကလို သူ့တို့ လုပ်ချင်သလို လုပ်လို့မရဘူး။ သူတို့ ရေးသင့်ရင် ရေးမှာပဲ။ သတင်းဖြစ်ရင် ရေးမယ်။ အယူအဆရှိရင် ရေးမှာပဲ'' ဟု ဝေဖန် ခဲ့ဖူးသည်။ သတင်းစာဆရာကြီး ဦးဝင်းတင် Time မဂ္ဂဇင်းကို ပိတ်ပင်ခြင်းမှအစပြု၍ သတင်းထောက်များကို ပိတ်ပင်မှုများ အ စိုးရက ဆက်လုပ်လာမည်ကိုလည်း စိုးရိမ် မိသည်ဟု ဆိုသည်။
ဗုဒ္ဓဘာသာဝင်များသည် သွေးဆူနေ ကြောင်း၊ ဆရာတော်ဦးဝီရသူသည် အမုန်း တရားများကို ဟောပြော ကြောင်း စွပ်စွဲရေးသားထားသည့် မျက်နှာဖုံးဆောင်း ပါးပါ ယခုလ ၁ ရက်ထုတ် Time မဂ္ဂဇင်း ကို အစိုးရက ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့သည်။
အစိုးရက ဖွဲ့ပေးထားသည့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထိုစာစောင်ကို မူရင်းအတိုင်း ဖြစ်စေ၊ မိတ္တူ ပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချ ခြင်း၊ လက်ဝယ်ထားခြင်း မပြုရန် ဇွန် ၂၅ ရက်၌ ထုတ်ပြန်တားမြစ်ခဲ့သည်။
Time မဂ္ဂဇင်း ကို မြန်မာနိုင်ငံတွင်း၌ ပိတ်ပင်ခြင်းသည် စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် မေးခွန်းထုတ် စရာဖြစ်နေပြီး ယခင် အစိုးရလက်ထက်သို့ ပြန်ရောက် သွားသလိုဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ ကလည်း မဇ္ဈိမကို ပြောခဲ့ဖူးသည်။