တောင်ကုတ်မြို့နယ်မှ ကျောင်းဆရာမ တစ်ဦး ကျောင်းမတက်၊ စာမသင်ဘဲ ရာ ထူးတိုးပေးခံရသည်ဟု စွပ်စွဲ၍ ဒေသခံများ မကျေမနပ်ဖြစ်ကာ တိုင်ကြားသည့်အတွက် ယင်းပြဿနာကို ရခိုင်ပြည်နယ်၊ ပြည်နယ် ပညာရေးက ကိုင်တွယ်စစ်ဆေး မည်ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ပညာရေးမှူး ဦးကျန်သိန်းက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာတွင်တာဝန်ကျသည့် မူလတန်းပြ ဆရာမ တစ်ဦး သည် နှစ်နှင့်ချီ ကြာသည်အထိ ကျောင်းမတက်၊ စာမသင် ဘဲနေသည့်ကြားမှ ပညာရေးဌာနက ရာထူး တိုးပေးလိုက်သည့်အတွက် ဘူးရွှေမော် ကျေးရွာဒေသခံတို့ကမကျေနပ်ဘဲ တောင်ကုတ်မြို့နယ် ပညာရေးမှူး ရုံးသို့ တိုင်ကြား ရာမှတစ်ဆင့် ယခုကဲ့သို့ ပြည်နယ်အဆင့် စစ်ဆေးမှုများပြုလုပ်ရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
''ပြဿနာကို ကျွန်တော်ကိုယ်တိုင်တောင် နားလည်အောင် ကြိုးစားနေတုန်း ပဲရှိသေးတယ်၊ ဒီကိစ္စအတွက် ပြည်နယ် အဆင့်က ဇူလိုင် ၃ ရက် စစ်ဆေးဖို့ရောက်မယ်'' ဟု ဦးကျန်သိန်း က ပြောသည်။
ကျောင်းမတက် စာမသင်သည်မှာ နှစ်ပေါင်းမည်မျှရှိနေသည်ကိုလည်း အတိအကျမသိသေးကြောင်း၊ ပြည်နယ်အဆင့် လာရောက်စစ်ဆေးပါမှ အားလုံးသိနိုင် မည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ ဆရာမကို အလုပ်ခန့်ထားဆဲဖြစ်ပြီး လစာ ရပ်ဆိုင်းခြင်းလည်းမရှိကြောင်း ပညာရေးမှူးက ဆိုသည်။
မဇ္ဈိမသတင်းဌာနက အဆိုပါဆရာမ နှင့် ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။ ယခု ကိစ္စကို ပညာရေးဦးစီးဌာနက လည်း သိရှိပြီးဖြစ်ကာ မြို့နယ်ပညာရေး မှူးကလည်း အသိပေးတင်ပြခဲ့ခြင်း ပြုလုပ်ခဲ့ကြောင်း ဦးကျန်သိန်း က ထပ်လောင်း ပြောကြားသည်။