ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ခေါင်းဆောင် လေးဦး အပါအဝင် ပညာရှင်များဖြင့် ဖွဲ့စည်း ထားသော Technical Team အဖွဲ့ဝင်များက ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ ရုံးထိုင်တော့မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။
မေလကုန်ပိုင်းက အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ရန် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်ရှိ KIO ဆက်ဆံရေးရုံးတွင် ရုံးထိုင်ကြမည် ဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။
“အစိုးရနဲ့ သဘောတူညီထားတဲ့ အချက် ရ ချက်ထဲက အချက် ၆ ကို စတင် အကောင်အထည် ဖော်ဖို့ မနက်ဖြန် ကနေ စပြီး ရုံးထိုင်တော့မယ်။ အဲဒီမှာ KIO ဘက်က ၄ ဦး ပါမယ်။ ကျန်တာ အရပ်ဘက်က ပညာရှင်တွေ ပါမယ်။ အဲဒီ ပညာရှင်တွေကိုတော့ သူတို့ မြစ်ကြီးနားမြို့ ရောက်ပြီးတော့ စားရင်းကောက်ထားတဲ့ လူတွေကို ဆွေးနွေးပြီးတော့ ဘယ်သူတွေ ပါမယ်ဆိုတာ သိရမယ်” ဟု မဇ္စျိမကို ပြောသည်။
အဆိုပါ Technical team တွင် KIO ဗိုလ်မှူးကြီး ဂေါ်လူ လအောင် ဦးဆောင်၍ ဗိုလ်မှူးကြီး ဝေါ်ခရုန်းဆင်ဝါး၊ ဗိုလ်မှူးကြီး ခွန်နောင်နှင့် ဆရာဒေါင်ခါး ပါဝင်ပြီး တခြား အရပ်ဘက် ပညာရှင်များကို ဆက်လက် ရွေးချယ်သွား မည် ဖြစ်ဟုဆိုသည်။
ထိုအဖွဲ့ ဖွဲ့စည်းရေးနှင့် လုပ်ငန်းများ စတင်ရန် မြစ်ကြီးနားမြို့မှ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင်များက KIO ခေါင်းဆောင်များ အပါအဝင် ၁၂ ဦးကို KIO လိုင်ဇာမြို့ ဗဟိုဌာနချုပ်မှ သွားရောက် ခေါ်ဆောင်ခဲ့ပြီး ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း ဦးလမိုင်ဂွမ်ဂျာ က ဆက်ပြောသည်။
“သူတို့ လုပ်ငန်းက KIO ဘက်ကနေ ပညာပေးတာတွေ လုပ်မယ်။ မြန်မာငြိမ်းချမ်းရေးစင်တာ MPC လိုပဲ။ အစိုးရနဲ့ KIO ထပ်ဆွေးနွေးမှုတွေကို ကြိုတင်ညှိနှိုင်းမှုတွေ လုပ်မယ်။ အဲဒါ ပြီးရင် နှစ်ဖက် ဘယ်နေ့ ဘယ်နေရာမှာ တွေ့မယ် ဆိုတာတွေကို သူတို့က ရှေ့ပြေး ညှိပေးတဲ့ အဖွဲ့ ဖြစ်တယ်” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈၊ ၁၉ ရက်နေ့များတွင် PCG က KIO ခေါင်းဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက် ဇွန် ၂၂ ရက်နေ့တွင် ၎င်းအလုပ်အဖွဲ့ (Technical team) ဖွဲ့စည်းရေး မူကြမ်းကို မြစ်ကြီးနားမြို့ လူမှုအခြေပြု အဖွဲ့အစည်း များနှင့် လူထုများအား ရှင်းလင်းချပြခဲ့ပြီး ပါဝင်မည့် လူပုဂ္ဂိုလ်များကို ရွေးချယ်ခဲ့သည်။
ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Joint Monitoring committee) ဖွဲ့စည်းရေးကိုလည်း အစိုးရ၊ KIO နှင့် အရပ် ဘက်မှ ပုဂ္ဂိုလ်များ ပါဝင်ကာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
KIO နှင့် အစိုးရတို့ သဘောတူညီထားချက်များအရ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားရန်၊ နှစ်ဖက် ပစ်ခတ်မှှုများ လျော့ချခြင်းနှင့် တိုက်ပွဲ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း၊ တပ် နေရာချထားရေး၊ စစ်ပြေးဒုက္ခသည်များ ပြန်လည် ထူထောင်ရေးကိစ္စရပ်များ စသည်တို့ လုပ်ဆောင်ရန် ရှိသည်။