လူထုအတွင်း ဆွေးနွေးနေကြဆဲသာဖြစ်သည့် “မျိုးစောင့်ဥပဒေ” ဆိုသည်တွင် ကလေးသည် မိခင်၏ ဘာသာကိုသာ ကိုးကွယ်ခွင့်ရှိကြောင်း ထည့်သွင်း ပြဋ္ဌာန်းထားသည်ဟု ထိုဥပဒေ ရေးဆွဲရာတွင်ပါဝင်သည့် ဥပဒေပညာရှင် ဦးရဲခေါင်ညွန့် က ပြောသည်။
“မျိုးစောင့် ဥပဒေအရ ဗုဒ္ဓဘာသာ အမျိုးသမီးနဲ့ အခြားဘာသာဝင် အမျိုးသားနဲ့ လက်ထပ်ပြီး ရလာတဲ့ ကလေးကို မိခင်ကပဲ အပြည့်အဝ စီမံပိုင်ခွင့် ရှိတယ်။ ကလေးရဲ့ ဘာသာကိုလည်း မိခင်ရဲ့ ဘာသာကိုပဲ သွတ်သွင်းရမယ်” ဟု ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာအမျိူးသမီများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံ အက်ဥပဒေနှင့် နှိုင်းယှဉ်၍ မျိုးစောင့် ဥပဒေ ရေးဆွဲရာတွင် ပါဝင်သည့် ရှေ့နေ ဦးအေးပိုင် က “၁၉၅၄ ဥပဒေမှာ မွေးလာတဲ့ သားသမီးကို မိခင်ရဲ့ နိုင်ငံသားအဖြစ် အပြည့်အဝ ခံယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီမျိုးစောင့် ဥပဒေမှာတော့ မိခင် ဘာသာကိုပဲ သားသမီးက ခံယူရမယ်လို ့ရေးဆွဲထားတယ်။ ဘာလို့လဲဆိုတော့ အခြားဘာသာဝင်တွေနဲ ့ထိမ်းမြားလက်ထက်တဲ့ အခါ မိခင်ဘာသာကို သားသမီးက ခံယူခွင့်မရှိဘဲ အခြား ဘာသာဝင် အမျိုးသားရဲ ့ဘာသာထဲကို အတင်းအကျပ် သွတ်သွင်းတာတွေရှိလို့ပါ” ဟု အကြောင်းပြသည်။
ထို မျိုးစောင့် ဥပဒေဆိုသည်ကို ဇွန်လအတွင်းက မှော်ဘီမြိုနယ် ဆေကိန္ဒရာမ ကျောင်းတိုက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှထွက်ပေါ်လာခြင်းဖြစ်ပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် စည်းရုံးနေခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေညာစာတမ်းနှင့် ကလေးအခွင့်အရေး သဘောတူ စာချုပ်တွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်ဟု ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က ဆိုသည်။
“ကလေးက မိခင်နိုင်ငံသား ခံယူပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်လို့ နိုင်ငံတကာမှာလည်း ပြဋ္ဌာန်းထားပါ တယ်။ မိခင်ရဲ့ ဘာသာကို ခံယူပြီး နို်င်ငံသားဖြစ်ဖို့ကို ရယူခွင့်ရှိတယ်။ ဒါကို ဥပဒေနဲ့ အထူးကာကွယ်စရာ မလိုဘူးလို့ ယူဆတယ်။ ပြည်တွင်းမှာတော့ ဗုဒ္ဓဘာသာ အမျိုးသမီးနဲ့ ဘာသာမတူတဲ့ အမျိုးသားတို့ လက်ထပ်ပြီး ရတဲ့ကလေး ကို အခြား ဘာသာဝင် ကူးပြောင်းခိုင်းလိုက်တာ များတယ်လို့ ကြားဖူးတယ်။ ဒါက မိသားစုနဲ့ပဲ ဆိုင်တယ်။ အမျိုး သမီး စိတ်ဓာတ်အင်အား မရှိလို့လည်း ပါတယ်။ ဒါကြောင့် သားသမီးက အမျိုးသားရဲ့ ဘာသာကို ရောက်သွား တာဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။
အထက်ပါဥပဒေသည် လူထုအတွင်း ဆွေးနွေးနေဆဲဖြစ်သော Public debate အဆင့်သာ ရှိပြီး လွှတ်တော် ကိုယ်စားတဦးဦး တင်သွင်းမှသာ ဥပဒေ မှုကြမ်းအဖြစ် သတ်ရောက်မည်ဖြစ်ကြောင်း သမ္မတရုံးပြန်ကြားရေး တာဝန်ခံ ဦးရဲထွဋ် က နေပြည်တော်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စနေနေ့က ပြောကြားခဲ့သည်။
“ဘယ်လို ဥပဒေတွေ ပြင်ကြပြောင်းကြမယ်ဆိုတာ လူတိုင်း ပြောခွင့်ရှိပါတယ်။ ပြောဆိုနေကြတာတွေ အားလုံး က ဖြတ်သန်းရမယ့် အဆင့်တွေ အများကြီးရှိပါတယ်။ ဥပဒေကြမ်း တခု တင်သွင်းမယ်ဆိုရင် တင်သွင်းခွင့်ရှိတဲ့ သူကပဲ တင်သွင်းလို့ ရတယ်။ အစိုးရအနေနဲ ့ဘာမှ မှတ်ချက်ပေးဖို့ မရှိဘူး။ မျိုးစောင့်ဥပဒေမှ မဟုတ်ဘူး” ဟု ဦးရဲထွဋ် က ပြောသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း မျိုးစောင့် ဥပဒေ ဆိုသည်နှင့်ပတ်သက်၍ မီးဒီယာများ၏ မေးမြန်း ချက်ကို ဇွန်လ ၂၅ ရက်နေ့က ဖြေကြားရာတွင် “အဲဒီဟာ က နှစ်ဖက် ရှိတယ်လေ။ ဘာသာရေးဘက်လည်း ရှိတယ်၊ ဥပဒေဘက်လည်း ရှိတယ်။ ဘာသာရေးမှာ အန်တီ ကျွမ်းကျင်တာ မဟုတ်ဘူး။ တည်ဆဲ ဥပဒေထဲမှာ ဒီလိုဥပဒေမျိုး မရှိဘူး။ ဥပဒေ ဆိုတာကလည်း တရားမျှတမှု အခြေခံရမယ်၊ အားလုံးပေါ်မှာ တန်းတူညီမျှမှု အခြေခံရမယ်ဆိုတာ အားလုံး လက်ခံထားတဲ့ မူတွေပဲ။ ဘာသာတရားကို ကာကွယ်တယ်ဆိုတာဟာ အဓိက ယုံကြည်မှုပဲ။ ဘာသာ တရားကို လိုက်စားတဲ့လူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ဘယ်သူမှ လှုပ်လို့ မရပါဘူး” ဟု ၎င်း၏ သဘောထား ကို ပြောဆိုသွားသည်