မြန်မာနိုင်ငံ ဒေသအချို့တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဆောက်လုပ်ရန် လျာထားမှုများ ရှိနေသောကြောင့် ဘေးထွက်ဆိုးကျိုးများအပေါ် ဒေသခံများက စိုးရိမ်၍ ပေးပို့လာသော ပြည်သူ့ပန်ကြားလွှာများကို သမ္မတထံ ဆက်လက်ပို့ပေးသွားမည်ဟု စိမ်းလန်း အမိမြေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က မဇ္စျိမကို ပြောသည်။
ဇွန် ၂၉ ရက်က ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ပြုလုပ်သော “People Forum on Clean Air” တက်ရောက်စဉ် ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ က ပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုဖိုရမ်တွင် မြန်မာနှင့် ထိုင်းနိုင်ငံများမှ ပညာရှင်များ အပါအဝင် ကျောက်မီးသွေး စက်ရုံ ဆောက်လုပ်ရန် လျာထားသည့် ဒေသများမှဒေသခံများလည်း တက်ရောက်သည်။
“အစိုးရက ပွင့်လင်းမြင်သာစွာ ပြောပြတာမျိုး မရှိဘဲ တိုးတိုးတိတ်တိတ်လေး ကျောက်မီးသွေး စက်ရုံတွေ တည်ဆောက်ပြီးကာမှ လက်ပံတောင်းတောင်လို ပြဿနာတွေ ဖြစ်လာရင် ပြည်သူတွေသာ ထိခိုက်နစ်နာမှာ။ အခု စိုးရိမ်နေတဲ့ ပြည်သူတွေဆီက လာတဲ့ ပန်ကြားလွှာတွေကို အသိမှတ်ပြုပြီး အစိုးရက ရှင်းပြစေချင်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံများ တည်ဆောက်ရန် စီစဉ်နေရာ အဆိုပါ စက်ရုံများမှ ထွက်ရှိသော မီးခိုး၊ ပြာ၊ စွန့်ပစ်အမှိုက်နှင့် စွန့်ပစ်ရေတို့ကြောင့် ပြည်သူ့ကျန်းမာရေး ထိခို်က်မှုများ ရှိလာနိုင်ရာ စီမံကိန်းများအား ပြန်လည်ချင့်ချိန် သုံးသပ်ပေးရန် ပန်ကြားလွှာများကို သမ္မတထံသို့ ပေးပို့သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ပင်လောင်းမြို့နယ်တွင် တီကျစ်စက်ရုံမှ ၁၂၀ မဂ္ဂါဝပ်၊ ကော့သောင်းမြို့နယ်ရှိ စက်ရုံမှ ၈ မဂ္ဂါဝပ်၊ နောင်ချိုမြို့နယ်ရှိ စက်ရုံမှ ၁၅ မဂ္ဂါဝပ်တို့ ထုတ်လုပ်ပေးလျက်ရှိသည်။
ဆက်လက်၍ ရန်ကုန်တိုင်းမှ ၂၇၀ မဂ္ဂါဝပ်နှင့် စစ်ကိုင်းတို်င်း၊ ကလေးဝမြို့မှ ၅၄၀ မဂ္ဂါဝပ်ထုတ် စက်ရုံ တခုစီနှင့် ဧရာဝတီတိုင်းမှ ၅၄၀ မဂ္ဂါဝပ်နှင့် ၆၀၀ မဂ္ဂါဝပ် စက်ရုံနှစ်ခု ဆောက်လုပ်ရန် စီစဉ်နေကြောင်း ဦးစောမိုးမြင့် က ဆိုသည်။
တနင်္သာရီတိုင်းအတွင်း ကျောက်မီးသွေး စက်ရုံများ တည်ဆောက်ရန် ရှိနေပြီး လေ့လာ ဆန်းစစ်မှုများပြု လုပ်နေသည်ဟု ဇွန်လ ၂၅ ရက်နေ့က ကျင်းပသော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လျှပ်စစ်စွမ်းအား ဒု-ဝန်ကြီး ဦးအောင်သန်းဦး က ပြောဆိုခဲ့သည်။
ကလေးဝမြို့နယ်မှ ဒေသခံ ဦးမြင့်ဆွေ က “ကျနော်တို့ ကလေးဝဘက်မှာ ကျောက်မီးသွေး စက်ရုံတည်ဆောက်ဖို့ အတွက် ရှေ့ပြေးအဖွဲ့တွေက စည်းရုံးရေးတွေ လုပ်နေပါတယ်။ ဘယ်လို ဆိုးကျိုးတွေ ရှိမလဲ သေချာမသိလို့ အခု ဒေသခံတွေအားလုံးက လက်မှတ်ရေးထိုးခြင်း မရှိသေးဘူး။ အစိုးရက ပွင့်လင်းမြင်သာစွာ ပြောပြပေးဖို့တောင်းဆိုလိုပါတယ်” ဟု ပြောသည်။
ပန်ကြားလွှာ ပုံစံများကို စိမ်းလန်း အမိမြေအဖွဲ့မှ ဖြန့်ဝေပေးထားပြီးဖြစ်သည်ဟု ဆိုသည်။
ကျောက်မှးသွေးသုံး စက်ရုံများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ “အသုံးမပြု ဘဲ စုပုံထားတဲ့ ကျောက်မီးသွေးတွေက ထွက်ရှိလာတဲ့ အာစင်းနစ်ဓာတ်တွေကြောင့် အဆိပ်သင့် ရောဂါတွေ ရလာနိုင်တယ်။ တီကျစ် ကျောက်မီးသွေးစက်ရုံ တည်နေရာရဲ့ ၅ မိုင် ဝန်းကျင်မှာ နေထိုင်တဲ့သူတွေ ခန့်မှန်း ၁,၀၀၀ ကျော်အတွက် အသက်အန္တရာယ် ရှိလာနိုင်တယ်” ဟု ဦးစောမိုးမြင့် က ဆိုသည်။
ထိုင်းနိုင်ငံနောက်မြောက်ပိုင်း Lampang ခရိုင်တွင် ၁၉၇၈ ခုနှစ်က စတင် လည်ပတ်ခဲ့သည့် မဲမော့ (Mae Moh) ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော မီးခိုးပြာကြောင့် ၁၉၉၆ ခုနှစ်တွင် ဒေသခံ ၆ ဦး သွေးအဆိပ်သင့် သေဆုံးပြီး အဆိပ်သင့်သူ ၈,၀၀၀ ကို ဆေးစစ်ရာ ၃,၅၀၀ ဦးမှာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ခံစားနေရကြောင်း တွေ့ရှိရ၍ ဒေသခံများက အစိုးရကို တရားစွဲဆိုခြင်းများ ရှိနေသည် ဟုလည်း ဦးစောမိုးမြင့် က ပြောသည်။
ကျောက်မီးသွေးစက်ရုံ များမှ ထွက်ရှိသော စွန့်ပစ် ပစ္စည်းများ အန္တရာယ်ကို ပြည်သူလူထုသို့ ကူးစက် ရောက်ရှိခြင်း မရှိစေရန် ထိရောက်သောအကာအကွယ် ပေးနိုင်မှသာ တည်ဆောက်သင့် သည်ဟုလည်း ယင်းပွဲသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံမှ ကျေးလက်ခေါင်းဆောင် မာလီယမ် နက်ဝီရွတ် (Malian Nakwirot) က သတိပေး ပြောဆိုသွားသည်။
ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့် ဆာလ်ဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူ လမ်းကြောင်းတွင် ရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင်သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓာတ် စသည့် လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်း
စေနိုင်သည့် ဓာတ်ငွေ့ပေါင်းများစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြပြောဆိုထားသည်။