တောင်ကြီးမြို့အတွင်းတွင် ရောင်းချနေသော ရေမြောင်းဘေး စျေးဆိုင်ခန်းများ၊ လမ်းဘေး စျေးဆိုင်များအား ဆက်လက်ရောင်းချဖွင့်လှစ်ခြင်း မပြုဘဲ ဇွန် ၂၆ ရက် နောက်ဆုံးထားဖျက်သိမ်းရန် မြို့နယ် စည်ပင် သာယာရေး အဖွဲ့က ညွှန်ကြားထားကြောင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘေးရှိ စျေးရောင်းသူများ က မဇ္စျိမကို ပြောသည်။
စည်ပင်က ယင်းသို့ ပြောင်းခိုင်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက တစ်ကြိမ်နှင့် ယခု တစ်ကြိမ် နှစ်ကြိမ်ဖြစ်သည်။
လမ်ဘေးတွင် ရောင်းသည့် ကွမ်းယာဆိုင်ရှင် ကိုခွန်စိုးမင်းက ''သူတို့ ပြောင်းခိုင်း ပိတ်ခိုင်းနေတာတော့ ဒါပါနဲ့ဆို နှစ်ခါရှိပါပြီ။ ဖေဖော်ဝါရီ ၂ဝ ရက်က တစ်ခါပါ။ အခု မေ ၂၇ ရက်နဲ့စာကို ဇွန် ၂၅ ရက် နောက် တစ်ခေါက် စည်ပင်ကလာပြီး စာရွက်ပေးသွားတာပါ'' ဟု ပြောသည်။
ရောင်းချသည့် ဆိုင်ခန်းများမှာ စည်ပင်သို့ လစဉ်ကြေးပေးဆောင်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ကွမ်းယာဆိုင်ဆိုပါက တစ်လလျှင် ကျပ် ၃ဝဝဝ နှင့် ဆိုင်ခန်းကြီးများဆိုပါက တစ်လလျှင် ကျပ် ၄၅ဝဝ၊ ၅ဝဝဝ ခန့်ပေးရသည်ဟု သိရပြီး ရောင်းချခွင့်မပြုပါက ၎င်းတို့အနေဖြင့် စားဝတ်နေရေး အခက်အခဲရှိနိုင်ကြောင်း ဆိုင်ခန်းများကပြောကြားသည်။
လမ်းဘေး ကွမ်းယာ ဆိုင်ရှင်တစ်ဦးဖြစ်သည့် ကိုမောင်စိုးကလည်း ''ကျွန်တော်တို့ စည်ပင်ကို လစဉ်ကြေး တစ်လ ၃ဝဝဝ ကျပ် ပေးဆောင်ပြီး ဖွင့်နေတာပါ။ ဆိုင်တွေ ပြောင်းခိုင်းပြီး နေရာပြန်ပေးတာလည်း မရှိပါဘူး။ စာအမိန့်နဲ့ မပြောင်းရင် လိုအပ်သလို အရေးယူမယ်လို့ ရေးထားတော့ကြောက်လို့ မရောင်းရဲတော့ပါဘူး။ ဆိုင်သိမ်းနေပါတယ်။ စားဝတ်နေရေး ခက်ခဲမှု ရှိလာနိုင်ပါတယ်'' ဟု ဆိုသည်။
ယင်းသို့ ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် စည်ပင်ညွှန်မှူး ဦးစိုင်းထွန်းထွန်း က'' စျေးဆိုင်ခန်းတွေက ကျူးကျော်ဆိုင်ခန်းတွေပါ၊ လမ်းတွေ၊ ရေမြောင်းတွေ၊ ပလက်ဖောင်းတွေပါ မဖယ်ဘဲ ဖွင့်ထားလို့ ဖျက်သိမ်းဖယ်ရှား ခိုင်းတာပါ'' ဟု မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
လမ်းဘေးတွင် ဓါတ်ဆီရောင်းသူ တစ်ဦးကလည်း ''၂၆ ရက် ပြောင်းရမှာကို ရက်ကပ်ပြီးမှ စာရွက်လာပေး တယ်။ နေရာပြန်မရနိုင်ဘူး။ ပြီးတော့လည်း ကျွန်တော်တို့ စားဖို့ ဒုက္ခရောက်ရတယ်။ ''ရောင်းနေမြဲအတိုင်း
ရောင်းချင်ပါတယ်၊ လမ်းဘေးကလည်း အကျယ်ကြီးပါ'' ဟု ဆိုသည်။
တောင်ကြီးမြို့စည်ပင်သာယာရေးအဖွဲ့က ဖယ်ရှားပေးရန် ပြောဆိုခြင်းခံရသည့် နေရာများသည် လူစည်ကား ရာနေရာများဖြစ်သည့် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း၊ မိန်းလမ်း (ခ) ဗိုလ်ချုပ်အောင်ဆန်းလမ်း အနီးတွင်ရှိသည့် လမ်းဘေးဆိုင်များ၊ ရေမြောင်းဘေးဆိုင်များ၊ ပလက်ဖောင်းလမ်းဘေး ဆိုင်များ ပါဝင်ကြောင်း စည်ပင်သာယာရေးအဖွဲ့၏ ထုတ်ပြန်ချက်စာအမှတ် ၂၅၄ဝ ၏ က-၁၂ ၏ တက-၄ (ဝဝ၁) အရ သိရှိရသည်။
ယင်းစာထဲတွင် လိုက်နာခြင်းမရှိဘဲ ဆက်လက်ကျူးကျော်ရောင်းချနေပါက လိုအပ်သလို အရေးယူသွားမည်ဟု အမှုဆောင်အရာရှိ စည်ပင်ဒု-ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်က လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။