KIO ဌာနချုပ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

KIO ဌာနချုပ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
by -
မဇ္စျိမ

ယနေ့ ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်ဟု KIO ဗဟိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးဂမ်ဘား က ပြောသည်။

နံနက် ၈ နာရီမှ ၁၁ နာရီထိ လိုင်ဇာမြို့ အထက်တန်းကျောင်း ခန်းမတွင် KIO ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လိုင်ဇာမြို့ ကျောင်းသူ/ကျောင်းသားများ၊ ပြည်သူများ၊ စစ်ပြေး ဒုက္ခသည်များ စုစုပေါင်း လူ ၁,၂၀၀ ခန့် တက်ရောက်ခဲ့သည်။

မူးယစ်ဆေးဝါးကြောင့် ကချင်လူမျိုးများ ပျက်စီးဆုံးရှုံးမှုများ ရှိလာသဖြင့် အားလုံးစုပေါင်း တိုက်ဖျက်သွားရန် KIO ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှ ဒု-ဥက္ကဋ္ဌ ဆလန်ကဘား လဂျောင်ခေါင်လွမ်း က တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

“ဒီမူးယစ်ဆေးဝါးက ကျနော်တို့အတွက် အဓိက ရန်သူဖြစ်တယ်။ ဒါကြောင့် ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကို ပြည်သူအားလုံးပါဝင်မှ တိုက်ဖျက်နိုင်မယ်ဆိုတာတွေ ပြောသွားတယ်” ဟု ဗိုလ်မှူး ဂမ်ဘား က ပြောသည်။ ဘာသာရေးအသင်းအဖွဲ့များ၊ အမျိုးသမီး၊ လူငယ်များက အဓိက ရန်သူဖြစ်သော မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားကြရန် သူက တိုက်တွန်းပြောဆိုသည်။

ကော်မတီမှ လက်တွေ့ မူးယစ်ဆေးဝါး တိုက်ဖျက်နေမှုများ၊ မူးယစ်ဆေး ထိုးသွင်းခြင်းကြောင့် ဒုက္ခရောက် သည့် ပုံများ၊ ဘိန်းမဲ၊ ဘိန်းဖြူ၊ ရာဘ အကြောင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲသည့် ပစ္စည်းများကို ပြသခဲ့သည်။

၎င်းပညာပေးမှုများကိုလည်း ကချင်၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ် လေးဘာသာဖြင့် လိုင်ဇာမြို့ပေါ် ကြော်ငြာ ဆိုင်းဘုတ်များ ထောင်ထားသည်ဟု ဆိုသည်။

မွန်းလွဲပိုင်း ၁ နာရီတွင် Tsawm Jat ခန်းမ၌ KIO မှ ဘိန်းဖျက်ပေးထားသောသူများ၊ ဘိန်းဖျက်ခံနေ သူပေါင်း ၁၀၀ ကျော်က သက်သေခံခြင်းနှင့် တခြား လူငယ်များအား ပညာပေး ဟောပြောခဲ့သည်ဟု သိရသည်။

KIO သည် ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ခဲ့ ရာမှ ယနေ့ထိ ပုံမှန် ဆက်လက် လုပ်ဆောင်နေသဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူများ လျော့နည်းလာသည်ကိုတွေ့ရသည်ဟု ဗိုလ်မှူးဂမ်ဘားက ပြောသည်။

 “စစ်ပွဲချိန်မှာက မူးယစ်ဆေးသုံးစွဲမှု လျော့သွားတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း သွားလာလို့ မရဘူး။ ရောင်းဝယ်တဲ့ လူတွေလည်း လုံခြံုရေးကြောင့် မလာနိုင်ဘူး။ ကျနော်တို့လည်း တတ်နိုင်တလောက် စစ်ဆေးတာတွေ လုပ်တယ်။ ဆေးအောင်တဲ့လူတွေကို ၁၅ ရက် ဘိန်းဖြတ်ပေးတယ်။ ကျနော်တို့ ထိန်းချုပ်တဲ့ ဆဒုံးဘက်တော့ ဘိန်းစိုက်ပျိုးတာ မရှိသလောက်ပဲ။ ဒါပေမယ့် BGF၊ NDAK
နေတဲ့ နေရာဘက်မှာတော့ ဧက သောင်းနဲ့ချီ စိုက်တာ တွေ့ရတယ်” ဟု မဇ္စျိမကို ပြောသည်။

ယခုနှစ် မူးယစ်ဆေးဝါး ဖမ်းဆီးမှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့၍ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးသည့် အစီအစဉ် မရှိခဲ့ပေ။ ယခင်နှစ်တွင် ဘိန်း ၁၀ ပိဿာ အပါအဝင် ရာဘဆေးပြား သောင်းနှင့်ချီ၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည် ဟု ဆိုသည်။

KIO က ၂၀၁၁ ခုနှစ်၊ မေလထိ အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ လုပ်ဆောင်နိုင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇွန်လက တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ပူးပေါင်းလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

အစိုးရ၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် မီးရှို့ဖျက်ဆီးပွဲများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ကျင်းပခဲ့ကြသည်။