မျိုးစောင့် ဥပဒေကို သဘောမတူဟု မြန်မာ့ လူ့အခွင့်အရေးကော်မရှင် ပြော

မျိုးစောင့် ဥပဒေကို သဘောမတူဟု မြန်မာ့ လူ့အခွင့်အရေးကော်မရှင် ပြော
by -
မဇ္စျိမ

မျိုးစောင့်ဥပဒေဟု အမည်ပေးထား သည့် ''မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အေရေးပေါ် ဥပဒေ'' တွင် ပါရှိသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်မည့် အမျိုးသားသည် လူမျိုးခြားဖြစ်ပါက ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းပြီးမှသာ လက်ထပ်ရမည်ဖြစ်ဆို သောအချက်အား အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သဘောမတူဘဲ ဘာသာများအကြား အပြန်အလှန်လေးစားကြရန် တိုက်တွန်းလိုက်သည်။

''အဲဒါကိုတော့ ကျွန်တော်တို့ သဘော မတူပါဘူး။ တစ်ခုရှိတာက ကျွန်တော်တို့က လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။ ကျွန်တော််တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒါတွေနဲ့ပတ်သက်လို့ လွတ်လပ်ခွင့်ပေးထား ပါတယ်။ အဲတော့ ဘာသာနှစ်ခု အပြန်အလှန်လေးစားကြဖို့ပါပဲ'' ဟု အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ် မြိုင်က ပြောသည်။

အမျိုးဘာသာသာသနာအား စောင့်ရှောက်ခြင်းသည် နိုင်ငံသားများ၏ ထိန်းသိမ်းရမည့် တာဝန်သာဖြစ်ပြီး လူမျိုးခြား၊ ဘာသာခြားအား လက်ထပ်ခြင်း၊ ကိုးကွယ် ခြင်းသည် ပြည်သူများ၏ ခံယူချက်သာဖြစ် ကြောင်း ဦးစစ်မြိုင်ကဆိုသည်။ ယင်းအပြင် ဥပဒေပြဋ္ဌာန်းရန် ပြင်ဆင်နေမှုနှင့် ပတ် သက်၍လည်း ''အန်ကယ့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ဒါဟာ လူတွေကိစ္စဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်တွေက လုပ်တာကောင်းပါတယ်'' ဟု ဆိုသည်။

ထိုမျိုးစောင့် ဥပဒေကြမ်းသည် ဇွန်လ ၁၃ ရက်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန်တော ရဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပသော ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုဥပဒေကြမ်းတွင် ဘာသာခြား၊ လူမျိုးခြား အမျိုးသားက ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား လက်ထပ်မည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်ရရှိ ရမည်ဖြစ်ပြီး လက်ထက်မည့် အမျိုးသမီး၏ မိဘ၊ အုပ်ထိန်းသူထံမှ တရားဝင်ခွင့်ပြုချက် ရရှိပြီးမှသာ လက်ထပ်ခွင့်ရရှိမည်ဖြစ်သည်။

ထိုအချက်များအား လိုက်နာခြင်းမရှိပါက ထောင်ဒဏ် ၁၀ နှစ်နှင့် ထိုအမျိုးသား ပိုင်ဆိုင်သောပစ္စည်းများအား သိမ်းယူကာ အမျိုးသမီးအားပေးရန်အပြင် ရာဇသတ်ကြီး ဥပဒေ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄၉၃ အပြင် အခြားပုဒ်မများနှင့်ပါ အရေးယူမည်ဟု ပါရှိသည်။

ထိုဥပဒေနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် က ဇွန်လ ၂၅ ရက်က လွှတ်တော်ကင်(န်)တင်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ''အန်တီကတော့ ဘာသာတရားကို ကာကွယ်တာဟာ အဓိက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားတဲ့လူတွေရဲ့ယုံကြည်မှုက ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့မရဘူး'' ဟု ပြောကြားခဲ့သည်။